စစ်တွေဒေသခံများက INGOs တွေကို ဆန္ဒပြ

  • 4 နိုဝင်ဘာ 2013

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ဒဏ်ရာရရှိသူ မွတ်ဆလင်တွေကို ဆေးကုသပေးခဲ့တဲ့ နိုင်ငံတကာ INGOs တွေကို ကန့်ကွက်ကြောင်း စစ်တွေဆေးရုံရှေ့မှာ ရခိုင်မြို့ခံတွေက နိုဝင်ဘာလ ၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒေသတွင်းက INGO တွေဟာ ဒေသခံ ရခိုင်လူမျိုးတွေကို ခွဲခြားဆက်ဆံပြီး မွတ်ဆလင်တွေဖက်က ဘက်လိုက်ဆောင်ရွက်နေတဲ့အတွက် သူတို့ကို ယခုလို ဆန္ဒပြတာ ဖြစ်တယ်လို့ စစ်တွေမှာ နေထိုင်တဲ့ ရခိုင်လူမျိုးတစ်ယောက်က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဆင်တက်မှော် မွတ်ဆလင် ဒုက္ခသည်စခန်း အနီးမှာ ထင်းခုတ်ရာကနေ စဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှူတွေမှာ မွတ်ဆလင်ဖက်က သေဆုံးသူ သုံးယောက်နဲ့ ရခိုင်လူမျိုး သေဆုံးသူ တစ်ယောက် ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

မွတ်ဆလင် သေဆုံးသူတွေထဲက တစ်ယောက်ဟာ လုံခြုံရေး တပ်ဖွဲ့၀င်တွေက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ပွဲခြင်းပြီး သေဆုံးခဲ့ရတာဖြစ်ကြောင်း ဒုက္ခသည်စခန်းက မွတ်ဆလင်တစ်ဦးက ပြောခဲ့ပါတယ်။

နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှူတွေ ဖြစ်ပွါးခဲ့တဲ့ နေရာတွေမှာ လုံခြုံရေး တိုးမြင့်ထားပြီး လောလောဆယ်မှာတော့ အားလုံး ငြိမ်သက် အေးဆေးနေတယ် လို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နှစ်ဖက် အသိုင်းအဝိုင်း ကြားမှာတော့ အခြေအနေတွေ တော်တော်လေး တင်းမာနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ