မီဒီယာ ဥပဒေကြမ်း ပြင်ဆင်မှု အတည်ပြု

  • 5 နိုဝင်ဘာ 2013
_burmese_newspapers
Image caption မြန်မာ့ မီဒီယာ ဥပဒေပြင်ဆင်မှု

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ယာယီ က ရေးဆွဲ တင်သွင်းခဲ့တဲ့ မီဒီယာ ဥပဒေကြမ်း မူလ ပြဋ္ဌာန်းချက် အချက် ၉ ချက် ကို ပြည်သူ့လွှတ်တော် က ပယ်ဖျက်ပြီး နိုဝင်္ဘာလ ၄ ရက်နေ့ က အတည်ပြုလိုက်ပါတယ်။ ဒီ အထဲမှာ စာနယ်ဇင်း ကောင်စီဝင် တွေ ကို ပြည်သူ့ ဝန်ထမ်း အဖြစ် မှတ်ယူရ မယ် ဆိုတဲ့ အချက် ပါဝင်ပါတယ်။

ဒါ့အပြင် မှတ်ပုံမတင်ဘဲ သတင်းစာ ထုတ်ရင် ဒဏ်ငွေ ၅ သိန်း ကနေ ၁ဝ သိန်း အထိ ပေးရမယ် ဆိုတဲ့ အချက် လည်း ပါဝင်ပါတယ်။ အခုလို ပြည်သူ့လွတ်တော် က ပယ်ဖျက်ပေးရာ မှာ လည်း ဥပဒေ ပညာရှင်တွေ နဲ့ တိုင်ပင်ပြီး၊ လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ သူတို့ အဖွဲ့ ကိုဘဲ ပြည်သူ့ဝန်ထမ်း အဖြစ် သတ်မှတ်မယ် ဆိုရင်၊ တခြား ကောင်စီ အဖွဲ့တွေ၊ အစည်းအရုံးတွေ ရဲ့ အဖွဲ့ဝင် တွေ ကို ပြည်သူ့ဝန်ထမ်း လို့ မသတ်မှတ်ရင် မီဒီယာ ကိုမှ သတ်မှတ်ပေးခြင်း ဟာ စဉ်းစားစရာ ဖြစ်နိုင်ကြောင်း၊ ပြည်သူ့လွှတ်တော် မှ အားကစား ယဉ်ကျေးမှု ပြည်သူ့ဆက်ဆံရေး ကော်မတီ က ဦးခိုင်မောင်ရည် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ ကတော့ ဒီ အချက်တွေ ထည့်သွင်းရ ခြင်းဟာ နောင် စာနယ်ဇင်း ကောင်စီဝင် တွေ အတွက် ဖြစ်ကြောင်း၊ အထူးအခွင့်အရေး ယူတာ မဟုတ်ကြောင်း၊ ကောင်စီဝင် တွေ ကို ပြည်သူ့ဝန်ထမ်း လို့ သတ်မှတ်ခြင်းဟာ လစာ ယူဖို့ မဟုတ်၊ တခြား ကောင်စီတွေ၊ နောက်သက်တမ်း အရ ရွေးချယ် တင်မြှောက်မယ့် ကောင်စီသစ် မှာ အခု ဆွဲတဲ့ ဥပဒေ ဟာ သတင်းမီဒီယာ တခု ထဲ အတွက် မဟုတ်တဲ့ အချက် ကို လွှတ်တော် ကိုယ်စားလှယ်တွေ သိဖို့လိုကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီဥပဒေကြမ်း ကို အမျိုးသား လွှတ်တော် က ကန့်ကွက်မှု ရှိရင်တော့၊ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုမှု ကို သမ္မတ ထံ ပို့ ဖို့ ရှိပါတယ်။ စာနယ်ဇင်း ကောင်စီ ဘက်ကတော့ သူတို့ တင်သွင်းတဲ့ ဥပဒေပါ အချက်အလက်တွေ ပါဝင်အောင်၊ တဆင့်ပြီး တဆင့် ကြိုးစားမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။