မြန်မာရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂ သင်တန်းပေး

  • 5 နိုဝင်ဘာ 2013
Burma Police
Image caption မြန်မာရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ဖို့ အစိုးရက ဆောင်ရွက်နေ

မြန်မာရဲတပ်ဖွဲ့၀င် တွေကို အဓိကရုဏ်းနှိမ်နှင်းရေးနဲ့ပတ်သက်ပြီး ဥရောပ သမဂ္ဂရဲ့အစီအစဉ်နဲ့ မင်္ဂလာဒုံ ရဲတပ်ရင်း ၈ မှာ သင်တန်းပေးနေပါတယ်။

အဓိကရုဏ်းတွေ နှိမ်နှင်းရာမှာ ကိုင်တွယ် ဆောင်ရွက်ပုံ နဲ့ပတ်သက်ပြီး ဝေဖန်ခံ နေရတဲ့ မြန်မာ ရဲတပ်ဖွဲ့ကို အခုလို ဥရောပသမဂ္ဂက လာရောက် သင်တန်း ပေးတာ ပထဆုံးအကြိမ် ဖြစ်ပါတယ်။

ဂျာမနီ၊ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေက နည်းပြ အရာရှိတွေက လာရောက် သင်တန်း ပို့ချတာ ဖြစ်ပါတယ်။

ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှုးချုပ် သူရဘိုနီက ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာ ရဲတပ်ဖွဲ့ကို "နိုင်ငံတကာ အဆင့်မီ ရဲတပ်ဖွဲ့မျိုးရဲ့ လုပ်ငန်းစံနစ် မျိုးကို လုပ်တတ် ကိုင်တတ်အောင် ဒီဟာတွေ အားလုံး ဆောင်ရွက်ပေးတဲ့ သဘော" ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

သင်တန်းမှာ လူစုလူဝေးကို စံနစ်တကျ ထိန်းသိမ်း ဖြေရှင်းတဲ့နည်းတွေ၊ ပြည်သူလူထု ပူးပေါင်း ပါ၀င်တဲ့ရဲလုပ်ငန်း စံနစ်တွေ ကိုလေ့ကျင့် သင်ကြားပေးမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါဟာ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ မတိုင်ခင် ကျပ်ငွေ ၆ ဘီလျံ အကုန်ကျခံပြီး ရဲတပ်ဖွဲ့ကို အဆင့် မြှင်တင်မယ့် လုပ်ငန်းနဲ့ ဆက်စပ် ကြောင်းလည်း ရဲမှူးချုပ် သူရဘိုနီ ကအတည်ပြုပါတယ်။

ဒီသင်တန်းဟာ ၁၈ လကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂဖက်က နည်းပညာအပြင် ပစ္စည်း အကူအညီပါ ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။