ကချင်နဲ့ ရှမ်းပြည်နယ်အစပ် မန်စီမှာ တိုက်ပွဲတွေ ဖြစ်

  • 7 နိုဝင်ဘာ 2013
Image caption ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ် ဂွမ်မော်

မကြာသေးခင်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အပစ်ရပ်ရေး ဆွေးနွေးပြီးလို့ ၂ရက်တောင်မရှိသေးချိန်မှာဘဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မန်စီမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

မန်စီမြို့နဲ့ ၁၀ မိုင်ပတ်၀န်းကျင်မှာရှိတဲ့ ကောင်လုံရွာ၊ မခေါ်ယမ်ရွာနဲ့ ကောင်ဂျာရွာဆိုတဲ့ နေရာ၃ခုမှာ ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်မတော်က တပ်ရင်း ၁၂နဲ့ အစိုးရ စစ်တပ် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတွေ ဒီနေ့ ကြာသပတေးနေ့မနက် ၉နာရီခွဲခန့်က စပြီးတိုက်ပွဲ ၃ကြီမ် ဖြစ်ခဲ့ပါတယ်။

ဒီလိုဖြစ်ခဲ့တာကြောင့် ကေအိုင်အေဘက်က တပ်သားတယောက်ကျဆုံးပြီး ရွာသား၂ယောက် ဒဏ်ရာရပြီးတော့ ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်နေရပါတယ်။

တိုက်ပွဲဖြစ်ရတဲ့အကြောင်းကိုတော့ ကေအိုင်အေ တပ်ရင်း၁၂ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်အောင်က အတည်ပြု ပြောကြားခဲ့ပါတယ်။ အစိုးရနဲ့ အပစ်ခတ် ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ ကေအိုင်အေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ဆွေးနွေးပွဲ လုပ်လို့ နေရပ်ရင်းတွေကို ပြန်တောင် မရောက်သေးတဲ့ ခုလို အချိန်မှာ ဒီလို တိုက်ပွဲတွေ ဖြစ်ရတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားတွေကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် လုပ်နေတဲ့ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို ဘီဘီစီကမေးကြည့်တော့ သူ့အနေနဲ့ အခြေအနေ အသေးစိတ်ကို ဘာမှ မသိရသေးဘူး ၊ ဒါပေမယ့် မကြာခင် ဒီတိုက်ပွဲတွေ ရပ်စဲသွားမယ်လို့ ယူဆရကြောင်း မြန်မာပိစ်စင်တာရဲ့ အကြံပေး ဦးလှမောင်ရွှေ ပြောပါတယ်။

နို၀င်ဘာ ၅ ရက်နေ့က မြစ်ကြီးနားမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ တာ၀န်ရှိသူတွေ ဆွေးနွေးတဲ့ပွဲမှာ တနိုင်ငံလုံး အပစ်ရပ်ရေးအတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာ မူဘောင်တွေနဲ့ ဆွေးနွေးပွဲကို ဒီဇင်ဘာလမှာ ဆက်ကျင်းပဖို့ ၂ဖက်သဘောတူပြီးခဲ့ချိန်မှာ ခုလိုတိုက်ပွဲတွေ ဖြစ်တဲ့အတွက် တနိုင်ငံလုံး အတိုင်းတာနဲ့ အပစ်ရပ်ရေးက ဖြစ်လာနိုင်ပါ့မလားလို့ တိုက်ပွဲတွေကြား မြေဇာပင်ဖြစ်နေရတဲ့ ဒေသခံတွေက စိုးရိမ်ပူပန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ