ဘက်လိုက်မှု မရှိကြောင်း MSF ပြော

  • 7 နိုဝင်ဘာ 2013
rakhine
Image caption ရခိုင်ပြည်နယ်အတွင်းမှာ အကူအညီတွေ လိုအပ်နေဆဲ

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သတင်းပတ်ကုန် အတွင်းက ပေါက်တောမြို့နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အပါအဝင် လူမှု ကူညီရေး လုပ်ငန်းတွေမှာ နိုင်ငံတကာက လူမှုရေး ကျန်မာရေး အကူအညီ ပေးရေး အဖွဲ့တွေက ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတယ်ဆိုပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေ ဘက်က ကန့်ကွက်မှုတွေ ရှိလာခဲ့ပါတယ်။

အဲဒါကြောင့် ဒေသတွင်းမှာ ကူညီ ကယ်ဆယ်ရေးတွေ လုပ်ကိုင် ဆောင်ရွက်နေတဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ဒေသ ပူးပေါင်း ဆောင်ရွက်ရေးမှူး ဖြစ်တဲ့ မစ္စတာ မီခေလီ ထရန်နီတီ ကို ဆက်သွယ် မေးကြည့်ပြီး အဲဒီလို ခွဲခြား ဆက်ဆံမှုတွေ၊ ဘက်လိုက်မှုတွေ ရှိနေသလား ဆိုတာကို မေးကြည့်တော့ ဘက်လိုက် မှုတွေ လုပ်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ MSF က နှစ်ဘက် စလုံးက လိုအပ်သမျှ တပြေးညီ အကူအညီ ပေးနေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပေါက်တောမှာ ဖြစ်ခဲ့တဲ့ ကိစ္စကလည်း ပြီးခဲ့တဲ့ စနေနေ့က နေ့လည် ၄ နာရီ ခွဲလောက်မှာ ပေါက်တောက မွတ်စလင် ဒုက္ခသည် စခန်းက လူတချို့ သေနတ်ဒဏ်ရာ ရထားတယ်လို့ ဆက်သွယ် လာလို့ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်းအပြီး ခွင့်ပြုချက် ရတာနဲ့ အဲဒီကို သွားခဲ့ကြောင်း၊ အဲဒီကနေ လူနာ ၃ ယောက်ကို စစ်တွေ ဆေးရုံကြီးကို ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနေ့ ညနေ ၇ နာရီလောက် မှာတော့ ဒဏ်ရာ ရထားတဲ့ ရခိုင် အမျိုးသမီး ၂ ဦးကို ဒေသခံတွေရဲ့ အစီအစဉ်နဲ့ ဆေးရုံ တင်လိုက်ရတယ် ဆိုတဲ့ သတင်းကို ကြားရပြီး၊ ဒီကိစ္စနဲ့ ပတ်သက်လို့ MSF ဆီကို ဘယ်သူကမှ ဆက်သွယ်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဆက်သွယ်လာရင် အကူအညီ ပေးနိုင်ခဲ့မှာ ဖြစ်တယ်၊ သူတို့အဖွဲ့ဟာ ခွဲခြား ဆက်ဆံမှု မလုပ်ဘဲ လူနာတွေရဲ့ အခြေအနေကိုသာ ကြည့်ပါတယ်လို့ ဆိုပါတယ်။

ဒါဖြင့်ရင် အခု ဒေသခံ ရခိုင် တိုင်းရင်းသား တွေဘက်က ခွဲခြား ဆက်ဆံမှုတွေ ရှိနေတယ်ဆိုပြီး ဘာကြောင့် ဆန္ဒတွေ ပြနေကြတာလဲ ဆိုတဲ့ အခါမှာတော့ နားလည်မှု လွဲမှားတာတွေကြောင့် ဖြစ်ပါလိမ့်မယ်၊ တချို့က MSF က ရခိုင် လူမျိုးတွေကို မကူညီဘူး။ ရခိုင် လူနာတွေကို ဆေးရုံကို မပို့ပေးဘူး ဆိုပြီး ထင်နေကြတာ ဖြစ်တယ်၊ အမှန်က သိကို မသိခဲ့တာပါလို့ ပြောပါတယ်။

အခုဖြစ်နေတဲ့ အခြေအနေတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ အခါမှာ တဘက်နဲ့ တဘက် မယုံကြည်မှုတွေ ဆက်ရှိနေတာ၊ စိုးရိမ်မှုတွေ ရှိနေတာကြောင့် တင်းမာမှုတွေ က ဆက်ဖြစ်နေတာ ဖြစ်ပြီး သူတို့ MSF အနေနဲ့ ဒေသခံ ရခိုင် တိုင်းရင်းသား တွေကို ဆက်သွယ်ပြီး ဘယ်လို ဖြစ်ပျက် ခဲ့တယ် ဆိုတာကို ရှင်းပြ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပြောကြားရာမှာ အခုဆိုရင်လည်း MSF ဆီကို ဆေးဝါး ကုသမှု နဲ့ ပတ်သက်လို့ အရေးပေါ် အကူအညီ လိုတိုင်း ဆက်သွယ်နိုင်မယ့် အရေးပေါ် ဖုန်းလိုင်း တခု တပ်ဆင်ဖို့ စီစဉ် နေပြီ ဖြစ်ပြီး ဆေးဝါးကုသ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တိုင်း ဘယ်သူမဆို အဲဒီ နံပါတ်ကို ဆက်သွယ် နိုင်ကြတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခု အထင်လွဲမှား နေတာတွေကိုလည်း မကြာခင် အတွင်းမှာပဲ ဖြေရှင်းသွား နိုင်မယ်လို့ ယုံကြည်ထား တယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ