မြန်မာနိုင်ငံဘက် ပို့ မယ့် ဆေးပြားဖမ်းမိ

  • 10 နိုဝင်ဘာ 2013
drugs_yaba_
Image caption ဆူဒို အက်ဖဒရင် ဆေးပြားကနေ ယာဘ ဆေးပြား ထုတ်နိုင်

ထိုင်းနိုင်ငံ မဲဆောက်မြို့ ကို ဖြတ်ပြီး မြန်မာနိုင်ငံထဲ တင်ပို့မယ့် ယာဘ ဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆူဒိုအက်ဖဒရင်း ဆေးပြား သုံးသိန်း နီးပါး ကို မဲဆောက် အကောက်ခွန် ဌာန က ဖမ်းဆီးလိုက်ပါတယ်။ အခု လို အိမ်သုံးဆေးဝါး တွေ နဲ့ ရောနှော သယ်ဆောင်လာရာမှာ တူရကီ နိုင်ငံ ကနေ လေယာဉ် နဲ့ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ် ကို ရောက်လာတာပါ။

ဒီကမှ တဆင့် ထိုင်းနိုင်ငံ မဲဆောက် ကို ဖြတ်ကျော်ပြီး မြန်မာ နိုင်ငံ ကို သွားမယ့် အပေါ် သံသယ ရှိရာ က သက်ဆိုင်ရာ က ဆေးထုတ်တွေ ဖေါက်စစ်ရာမှာ ယာဘ ဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ဆူဒိုအက်ဖဒရင်း ဆေးပြား သုံးသိန်း နီးပါး ကို မဲဆောက် အကောက်ခွန် ဌာန က ရှာဖွေ သိမ်းဆည်း နိုင်ခဲ့ တာပါ။

မူးယစ်ဆေးဝါး အတွက် အသုံးပြုမယ့် ဓါတုပစ္စည်း တွေ ကို ထိုင်း အစိုးရ ရဲ့ မူဝါဒ အရ ပိတ်ဆို့ အရေးယူနိုင်ကြောင်း၊ နယ်စပ်မှာ မသင်္ကာရင် ဖေါက်စစ်လို့ ရပုံ၊ ဘန်ကောက်လေဆိပ် ကနေ ကုန်ကားနဲ့ သယ်လာတဲ့ ကပ်ထူဗူး ၂၁ ခု ကို ဖေါက်စစ်ရာမှာ အပေါ်ယံ အိမ်သုံးဆေးဝါးတွေ ထည့်လာပြီး အောက်ခြေမှာ ဆူဒိုအက်ဖဒရင်း ဆေးပြား တွေ ကို တွေ့ရပုံ မဲဆောက် အကောက်ခွန် ဇုံရုံး ညွှန်ကြားရေးမှူး က ဘီဘီစီ ကို ပြောပါတယ်။

ဒီဆေးတွေ ဟာ အအေးမိ နှာစေး ရောဂါ အတွက်လို့ ဆိုပေမယ့် သဘောရိုးနဲ့ ဆိုရင် ရန်ကုန်ဆိပ်ကမ်း ကနေ တိုက်ရိုက် တင်သွင်းရမယ့် အစား၊ ထိုင်းနယ်စပ် ဘက် ကနေ တင်သွင်း ခြင်းဟာ မသင်္ကာ စရာ ဖြစ်နေပုံ၊ အခု နှစ်စပိုင်း ကလည်း အလားတူ တူရကီ လေကြောင်း က တဆင့် မူးယစ်ဆေးဝါး ထုတ်နိုင်တဲ့ ဓါတု ပစ္စည်း တွေ ကို ပထမ အကြိမ် ဖမ်းမိ ခဲ့ကြောင်းလည်း မဲဆောက် အကောက်ခွန် ဌာန က ရှင်းပြပါတယ်။