ထိုင်းနဲ့မြန်မာ ညီအစ်မရွာ စီမံကိန်း

  • 9 နိုဝင်ဘာ 2013
Image caption ထိုင်းမြန်မာ နယ်စပ် တနေရာ

ထိုင်းစစ်တပ်ဟာ၊ ထိုင်း၊မြန်မာနယ်စပ်က မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ ထိုင်းနဲ့မြန်မာရွာတွေကို ညီအစ်မရွာ စီမံကိန်း ဆိုပြီးတော့၊ ဆောင်ရွက်နေတာ၊ အခုဆိုရင် ၃ နှစ်ထဲကို ရောက်လာပါပြီ။

တိုးတက်မှု အနေအထား ဘယ်လောက်ရှိသလဲ ဆိုတာကို ထိုင်းစစ် တပ်ထိပ်တန်း အရာရှိတွေ မနေ့တုံးက နယ်စပ်ကို သွားကြည့်ခဲ့ ပါတယ်။

ညီအစ်မရွာ စီမံကိန်း ရည်ရွယ်ချက်ကတော့၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍတွေမှာ တပြေးညီ ဖွံ့ဖြိုး တိုးတက် လာပြီးတော့၊ အားကစား၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပိုမို ချစ်ခင် ရင်းနှီးမှုရအောင် ဖြစ်ပါတယ်။

အခု ၃ နှစ်ကြာ ပြီးတဲ့နောက်မှာတော့၊ ဒီကဏ္ဍကို တာ၀န်ယူထားတဲ့ ဗိုလ်ချုပ်ကန်ဖုန် အာဖွန်အေယန် ဉီးဆောင်တဲ့ အဖွဲ့က တိုးတက်မှု အနေအထားကို ဘယ်လောက်ရှိသလဲဆိုတာ၊ နယ်စပ်ကိုလာ ကြည့်ပါတယ်။

တိုးတက်မှု အနေအထားကို နယ်စပ်မှာ တာ၀န်ယူ ဆောင်ရွက်နေတဲ့ အမှတ် ၃၅ ရိန်းဂျား တပ်မှူး ဗိုလ်မှူးကြီး ကလစ် ဖန်ထဆာ ပြောရာမှာ အကျိုးကတော့၊ နှစ်နိုင်ငံ နယ်စပ်နေလူထုတွေ ပိုပြီးချစ်ခင်မှုတွေ ရှိလာနိုင်တယ် ပူးပေါင်း ဆောင်ရွက်လာတယ်၊ ပိုပြီးအရေးကြီးတာက၊ အပြန်အလှန် ယုံကြည်မှု ပိုရှိလာတယ် ၊ အဲဒီအခြေခံပေါ် မူတည်ပြီးတော့ ၊ နှစ်နိုင်ငံဖက် အခြမ်းနယ်စပ်တွေမှာ တည်ငြိမ် အေးချမ်းနေတာ တွေ့ရတယ် ၊ နယ်စပ်မှာ အငြင်း ပွားမှုတွေ မရှိတာလည်း အတော်ကြာသွားပြီလို့ ဆိုပါတယ်။

ဒါ့အပြင် သူက အကယ်၍ မြန်မာဖက်အခြမ်းဟာ ထိုင်းဖက်အခြမ်းနဲ့ ထပ်တူဖွံ့ဖြိုး တိုးတက်သွားရင်၊ မြန်မာနိုင်ငံက လူတွေလည်း၊ သူတို့နိုင်ငံမှာပဲ အိုးမကွာ၊ အိမ်မကွာပဲ နေထိုင်လုပ်ကိုင် စားသောက်နိုင်ကြမှာပေါ့လို့ ပြောသွားပါတယ်။

မဲဆောက်မြို့နယ်၊ ထာ့အတ်ရွာနဲ့ မျက်နှာချင်းဆိုင်၊ မြန်မာဖက် မြ၀တီမြို့နယ်၊ စိုက်ပျိုးရေးဇုံက တာ၀န်ရှိသူ တဉီးဖြစ်တဲ့ ဦးစောမွန်က ထိုင်း၊မြန်မာနယ်စပ် ညီအစ်မရွာ စီမံကိန်းအရ နှစ်ဖက်ရွာတွေရဲ့ ဆက်ဆံရေး အခြေအနေကို ပြောရာမှာ တဖက်နဲ့ တဖက် အလှူတွေ ဘာတွေရှိရင် ဖိတ်လေ့ရှိကြတယ် ၊ သူတို့ဆီက အလှူတွေဘာတွေရှိရင် သွားသလို တဖက်နဲ့ တဖက် ချစ်ကြည်ရေး အမြဲရှိပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့၊ အရေးပေါ်လူနာတွေရှိရင်၊ အဆက်အသွယ်လုပ်ရင်၊ အကူအညီပေးသလို ရေကြီးတုံးကလည်း၊ ရေသန့်ဘူးတွေ၊ ဆန်အိတ်တွေ ထောက်ပံ့တဲ့ အပြင် ဆက်ဆံရေး အတော်ကောင်းမွန်တယ်လို့ သူက ရှင်းပြပါတယ်။

မကြာခင် ရက်ပိုင်းအတွင်းမှာလည်း၊ ထိုင်းဖက်ရွာတွေက မြန်မာဖက်ကိုသွားပြီး ကထိန်ခင်းဖို့တွေရှိသလို၊ တန်ဆောင်တိုင်းပွဲတော်၊ ဆောင်းရာသီအားကစားပွဲတွေနဲ့ သကြန်ပွဲတော်တွေကိုလည်း ပူးတွဲကျင်းပဖို့တွေ ရှိတယ်လို့ ထိုင်းဖက် တိုက်နယ်သူကြီး နိုင်ပရယွန် လီချိုင်းခေါ် ဉီးသန်းရွှေကပြောပါတယ်။