နယ်စပ်လမ်းပိတ်ပြီး ဥပဒေတင်းကြပ် သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

  • 10 နိုဝင်ဘာ 2013
Image caption ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးနဲ့ အစောင့်တပ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင် (ရိုဟင်ဂျာ)တွေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ၀င်ရောက်မှုများလာတဲ့ အတွက် နယ်စပ် ၀င်ထွက်သွားလာနေတဲ့ လမ်းကြောင်းတွေကို ပိတ်မယ့် အပြင် တင်းကြပ် ဥပဒေတွေကို ချမှတ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ပါလီမန်မှာ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက မြန်မာနိုင်ငံ ရခိုင် ပြည်နယ် ဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ် ပါလီမန်မှာ မေးမြန်းခဲ့ရာမှာ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက နောက်ထပ် လူတွေ မ၀င်ရောက်လာနိုင်အောင် မြန်မာနဲ့ ဆက်စပ်တဲ့ နယ်စပ်ကို ပိတ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဆုံးဖြတ် ထားတယ်လို့ ပြောပါတယ်။

ခုလို ဆုံးဖြတ်ရတာဟာ ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် ကို တရားမ၀င် ၀င်ရောက်လာတဲ့ သူတွေ များပြား လာတဲ့ အတွက် ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ နယ်စပ်ကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ထားတဲ့ အပြင် မြန်မာဘက်က တရား မ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ကို အကူအညီပေး လက်ခံပြီး အိမ်တွေ ဌားရမ်းတဲ့ သူတွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

ခုလို နယ်စပ်ကို ပိတ်မယ်လို့ ပြောဆိုပေမယ့် အခုအချိန် ထိတော့ နှစ်ဘက်နိုင်ငံအကြား ကူးလူး သွားလာမူတွေတော့ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံက ယူအန် အသိအမှတ်ပြု ဒုက္ခသည် တစ်ဦး ဖြစ်သူ ကိုကျော်သိန်းကို မေးမြန်းကြည့်တော့ နယ်စပ်က ပုံမှန်အတိုင်းဘဲ ရှိနေတယ်လို့ သူက ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အကြား ရေမိုင် နယ်နမိတ်က မိုင်ပေါင်း ၄၀ ရှိပြီး ကုန်းတွင်း နယ်နမိတ် အရှည်က မိုင်ပေါင်း ၁၃၁ မိုင်ရှိတယ်လို့ သိရပါတယ်။

မြန်မာဘက်ကတော့ တရားမ၀င် ၀င်ထွက်သွားလာနေတာကို တားဆီးနိုင်ရေး အတွက် သူ့နိုင်ငံဘက်ခြမ်းမှာ သံဆူးကြိုး ခြံစည်းရိုးကို ကာရံထားပါတယ်။

ဒါပေမယ့် တရားမ၀င် ၀င်ထွက်သွားလာမူတွေကို နိုင်အောင် တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ထဲကို မြန်မာဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင်တွေ အရေအတွက် တစ်နေ့ထက် တစ်နေ့ များလာတဲ့ အတွက် နိုင်ငံအတွင်းမှာလည်း ၀န်ထုတ် ၀န်ပိုးနဲ့ မတည်ငြိမ်မူတွေ ဖြစ်လာတာကြောင့် အခုအခါမှာတော့ နယ်စပ်ကို ပိတ်ဖို့ အထိ ဘင်္ဂလားဘက်က စီစဉ်လာတာ ဖြစ်တယ်လို့ သိရှိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ