အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ပါတီတွေကတဆင့် ချပြ

  • 10 နိုဝင်ဘာ 2013
Image caption လိုင်ဇာ ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်လို့ လူထုသိအောင် နိုင်ငံရေး ပါတီတွေကတဆင့် ဝန်ကြီး ဦးအောင်မင်း ရှင်းလင်းပြောပြ

ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ လျှပ်စစ် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးတို့က နိုင်ငံရေး ပါတီ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။

လက်ရှိ အစိုးရအဖွဲ့ လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးပိုင်း ပြုပြင်ပြောင်းလဲမှုတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ ရလဒ်၊ လတ်တလော မီတာခ ထပ်တိုး ကောက်ခံခဲ့တဲ့ ကိစ္စ စတာတွေကို ဝန်ကြီးတွေက ရှင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်လို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ရှင်းပြ ခဲ့ရာမှာ လိုင်ဇာ ဆွေးနွေးပွဲဟာ ရလဒ် မရှိပဲ ပြီးသွားတာ မဟုတ်ပဲ အပစ် ရပ်ရေး လက်မှတ်ထိုးဖို့ သဘောတူနိုင်ခဲ့ကြကြောင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ မူဘောင်တွေ ချရေးကို ဆက်ဆွေးနွေးသွားကြဖို့ ရှိကြောင်း၊ ဒီဇင်ဘာထဲမှာ ကျင်းပမယ့် ဖားအံ တွေ့ဆုံပွဲမှာ ဒီကိစ္စကို ဆက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

နိုင်ငံရေး ပါတီတွေ ကိုလည်း အကြံပေး ဝေဖန် ထောက်ပြ စရာတွေ ရှိရင် လွတ်လွတ်လပ်လပ် ဝေဖန်ခွင့် ပေးခဲ့ရာမှာ တွေ့ဆုံပွဲ တက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက လတ်တလော လျှပ်စစ် မီတာခ တိုးကောက်ခံခဲ့တာနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေရဲ့ သဘောထားကို ထပ်ဆင့် ရှင်းလင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အစိုးရ ဝန်ကြီးတွေက နိုင်ငံရေးပါတီတွေကို ခေါ်ယူ တွေ့ဆုံပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ချပြတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပြီး အာဏာပိုင် အဖွဲ့အစည်းတွေ လုပ်နေတာကို နိုင်ငံရေး ပါတီတွေကနေတဆင့် ပြည်သူတွေ သိအောင် အစိုးရ ဝန်ကြီးတွေအနေနဲ့ နိုင်ငံရေး ပါတီတွေကို တလတခါ တွေ့ဆုံပြီး ရှင်းပြ ပြောဆိုတာတွေ လုပ်သွားမယ်လို့ ဝန်ကြီးတွေက ပြောကြောင်း NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။