ဖြစ်သင့်တဲ့ လျှပ်စစ် မီတာခ ဆိုရင် လွှတ်တော်က ထောက်ခံမယ်

  • 11 နိုဝင်ဘာ 2013
Electricity
Image caption မီတာခတွေ တက်မယ် ဆိုလို့ မကျေ မနပ် ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့

လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက လျှပ်စစ် မီတာခတွေကို လွှတ်တော်ရဲ့ သဘောထား အတိုင်းသာ သတ်မှတ်သွားမယ်လို့ လျှပ်စစ် စွမ်းအား ဝန်ကြီးက ထုတ်ဖော် ပြောပါတယ်။

တိုးမြှင့် ကောက်ခံတဲ့ မီတာခ နှုန်းဟာ ဖြစ်သင့် ဖြစ်ထိုက်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ လက်ခံအောင် ပြနိုင်ရင် အားလုံး ဝိုင်းဝန်း ထောက်ခံဖို့ လွှတ်တော် ကိုယ်စားလှယ် တိုင်းမှာ ဆန္ဒရှိတယ်လို့ ပြည်သူ့ လွှတ်တော် ရင်းနှီး မြှုပ်နှံမှုနဲ့ စက်မှု လက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မီတီ အတွင်း ရေးမှူး ဖြစ်သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ပြောပါတယ်။

မီတာခတွေ တက်မယ်လို့ ကြေညာ ပြီးတဲ့နောက် ပြည်သူတွေရဲ့ မကျေမနပ် ကန့်ကွက်သံတွေ ကြားလာ ရတဲ့ အတွက် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ ပြည်သူ့ ဆန္ဒတို့ အရသာ ဆက်လုပ် ပါ့မယ်လို့ လျှပ်စစ် စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးက ပြောဆိုလာ တာ ဖြစ်ပါတယ်။

လောလောဆယ် တစ်နိုင်ငံလုံး အတိုင်း အတာ အရ ၃၀ ရာခိုင်နှုန်းကိုပဲ ဓါတ်အား ပေးနိုင် သေးတယ်၊ လာမယ့် နှစ်တွေ အတွင်း ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီး ရနိုင်ဖို့ ဒေါ်လာသန်း ပေါင်း ၁၅၀၀ ကုန်ကျမယ်လို့ တနင်္ဂနွေ နေ့က မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ အစိုးရ ဝန်ကြီးတွေက နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ ပါတယ်။

ဦးကြည်သာ ကတော့ ဘဏ္ဍာငွေ မရှိလို့ ပြည်သူတွေ လျှပ်စစ်မီး မရနိုင်ဘူးဆိုတာ မဖြစ်သင့်တဲ့ အပြင် ဒီငွေ ပမာဏ လိုတယ် ဆိုတာ ကိုလည်း ရာနှုန်းပြည့် လက်မခံ နိုင်ဘူးလို့ ပြောပါတယ်။

ရှုံးတယ် ဆိုရင်လည်း ဘာကြောင့် ရှုံးတယ် ဆိုတာ တိတိ ကျကျ ရှင်းပြဖို့ လိုအပ်တယ်၊ တကယ် ရှုံးသင့်လို့ ရှုံးတယ် ဆိုရင် လွှတ်တော်ကို ဘတ်ဂျက်ငွေ တင်ပြလာတဲ့ အခါ တိုင်းပြည်နဲ့ ပြည်သူ့ အကျိုး အတွက် ခွင့်မပြု နိုင်စရာ မရှိဘူးလို့ သူက ပြောပါတယ်။

အခုနှစ် ဘတ်ဂျက်ကို ကြည့်ရင် စွမ်းအင် ကဏ္ဍ အတွက် သုံးစွဲငွေက နံပတ် ၁ နေရာမှာ ရှိနေပြီး ကာကွယ်ရေး အသုံး စရိတ်က နံပတ် ၃ နေရာမှာ ရှိတယ်၊ လျှပ်စစ်မီး ရရှိရေး အတွက် ဘဏ္ဍာငွေ တစ်ခုတည်းက အဓိက မဟုတ်ဘဲ ကျန်တဲ့ အခက် အခဲတွေလည်း အများကြီး ရှိနေတဲ့ အတွက် အချိန် တော့ ယူရလိမ့်မယ် လို့ ဦးကြည်သာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ