ငပလီကို မြို့အဆင့် တိုးမြှင့်မယ်

  • 11 နိုဝင်ဘာ 2013
Image caption ငပလီဟာ နိုင်ငံခြား ခရီးသွားတွေ အထူး နှစ်ခြိုက် တဲ့ နေရာ ဖြစ်ပါတယ်

ရခိုင် ပြည်နယ် သံတွဲ မြို့နယ်မှာ ရှိတဲ့ ငပလီ ပင်လယ် ကမ်းခြေကို မြို့ အဆင့် တိုးမြှင့် သွားဖို့ အတွက် သက်ဆိုင်ရာ အာဏာပိုင် တွေက စတင် စီစဉ် ဆောင်ရွက် မူတွေ ပြုလုပ် နေပြီ ဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတ ကလည်း အဲဒီ စီမံကိန်း အတွက် ကျပ်ငွေ သန်းပေါင်း ၅၀၀၀ သုံး ခွင့်ပြု ပေးလိုက်ပြီ ဖြစ်တယ်လို့ သံတွဲ မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က ရခိုင် ပြည်နယ် လွှတ်တော်မှာ အဲဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြပြီး ရက်ပိုင်း အတွင်း မှာ ရခိုင် လွှတ်တော်က အတည်ပြု မယ်လို့ မျှော်လင့် ရပါတယ်။

သံတွဲ ငပလီ ကမ်းခြေ မြို့ပြ စီမံကိန်းကို ဒီနှစ် ခြောက်သွေ့ ရာသီမှာ အကောင် အထည်ဖေါ် ဆောင်ရွက် သွားမယ်လို့လည်း သိရပါတယ်။

ဒီ စီမံကိန်းမှာ သံတွဲ လေဆိပ် ကနေ ငပလီကို သွားတဲ့ ဂျိတ်တော အထိ ကားလမ်း ကိုလည်း (၆) လမ်းသွား အဖြစ် အဆင့် မြှင့်သွားမှာ ဖြစ်သလို ရေကာတာ တစ်ခု တည်ဆောက် ရေးနဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး စတဲ့ စီမံကိန်း တွေလည်း ပါဝင် ပါတယ်။

ငပလီကို မြို့ အဖြစ် တိုးမြှင့် ပြီးတဲ့ နောက်ပိုင်း၊ လျှပ်စစ်မီးတွေ ရကာ၊ ဆက်သွယ်ရေး အင်တာနက်၊ ဖုံးလိုင်းတွေ ကောင်းလာပြီး ဒေသခံ ပြည်သူ တွေလည်း ဖွံ့ဖြိုး တိုးတက် လာမှာ ဖြစ်ကြောင်း သံတွဲ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

ငပလီဟာ မြန်မာ နိုင်ငံက ထင်ရှားတဲ့ ပင်လယ် အပန်းဖြေ ကမ်းခြေ တစ်ခု ဖြစ်ပြီး နိုင်ငံခြား ခရီးသွားတွေ အထူး နှစ်ခြိုက်တဲ့ နေရာ ဖြစ်တာကြောင့် ခုလို ငပလီ ကို အဆင့် မြှင့်ဖို့ ကြိုးပမ်း တာဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလားအလာ ကောင်း တခု ဖြစ်တယ်လို့ သုံးသပ် ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ