နိုင်ငံရေးအကျဉ်းသားတွေ ထိုက်သင့်တဲ့ ထောက်ပံ့မှု မရလို့ AAPP ကို တရားစွဲမယ်

  • 12 နိုဝင်ဘာ 2013
Image caption နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓါတ်ပုံတချို့

ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ဟာ နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံတကာက အကူညီတွေ ယူခဲ့ပေမယ့် အကျဉ်းသားတွေကို အမှန်တကယ် ထောက်ပံ့ပေးတာမရှိဘူးဆိုပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက တရားစွဲမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၇၀၀ ကျော်ဟာ အေအေပီပီက နိုင်ငံရေးအကျဉ်းသားတွေကို ရှင်းပြ ပေးထားတဲ့ ထောက်ပံ့မှု အခြေအနေ ၉ ချက်အရ၊ သူတို့မရရှိတာက ၇ ချက်လောက် ရှိတယ်ဆိုပြီး တရားစွဲဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

၂၀၀၃ တုန်းက ဗြိတိသျှ သံရုံးရှေ့မှာ ဆန္ဒပြခဲ့လို့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရပြီး သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ၂၀၁၁မှာ သာယာ၀တီထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်လင်းဦးက အေအေပီပီဆီကနေ သူတို့ အမှန်တကယ်မရခဲ့ဖူးတဲ့ ခံစားခွင့်တွေ အတွက် အကျဉ်းသားဟောင်းတွေ အားလုံးစုပြီး တရားစွဲမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အေအေပီပီရဲ့ တွဲ့ဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ သူတို့အနေနဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်တာကြောင့် ထိုင်းတရားဥပဒေ လုပ်ထုံး လုပ်နည်း အရ လိုက်နာ ဆောင်ရွက်နေတယ် တရားစွဲလိုတယ် ဆိုရင် ထိုင်းနိုင်ငံကိုလှမ်းပြီး တရားစွဲနိုင်တယ်လို့ ပြောပါတယ်။

အေအေပီပီက သူတို့လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရှင်းပြထားတဲ့စာထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို တလ ထိုင်းဘတ်ငွေ ၅၀၀ နှုန်း၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ် ၂၀၀၀၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ် ၁၀၀၀၊ အကျဉ်းသားမိသားစုတွေရဲ့ သားသမီးတွေ ပညာရေးအတွက် အကြောင်းအရာ ၉ ခုနဲ့ ထောက်ပံ့ငွေတွေ ပေးတဲ့အထဲက အများစုဟာ ၂ ခုလောက်အတွက်ပဲ ရကြသလို ထောက်ပံ့ငွေ လုံး၀မရခဲ့တဲ့သူတွေလည်း ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဆိုပါတယ်။

ဒီလို မရခဲ့တဲ့အတွက် နိုင်ငံတဝှမ်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကိုယ်နဲ့သက်ဆိုင်တဲ့ ပြည်နယ်၊ တိုင်း၊ မြို့နယ်တွေက တရားရုံးတွေကနေ တဦးချင်းစီ တရားစွဲဆိုမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ