အိုအိုင်စီ ခရီးစဉ်ကို ရန်ကုန်မှာ သံဃာ လူထု ဆန္ဒပြ

  • 12 နိုဝင်ဘာ 2013

ဒီရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို လေ့လာရေး ခရီး လာရောက်ဖို့ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွတ်ရေး အဖွဲ့ အိုအိုင်စီ ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ သံဃာအပါး ၃၀ဝ ကျော် နဲ့ လူ၂၀ဝ လောက်ဟာ နို၀င်ဘာလ ၁၂ ရက် နေ့လည်ပိုင်းက ရန်ကုန် မြို့ မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံပေါင်း ၅၀ ကျော်နဲ့ ဖွဲစည်းထားတဲ့ အိုအိုင်စီ ရဲ့ ခရီးစဉ်ကို မြန်မာ အစိုးရက အတည်ပြုလိုက် အပြီး ကန့်ကွက်ပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ရွှေတိဂုံ အရှေ့ဘက်မုခ် ကြေးသွန်း ဘုရား ရှေ့ကနေ အိုအိုင်စီ ခရီးစဉ် ကန့်ကွက် ဆန္ဒပြပွဲကို စတင်ခဲ့ပါတယ်။

ဦးဆောင်သူ သံဃာ အပါး ၃၀ဝ လောက် ရှိပြီး အဲဒီနောက်မှာ လူ ၁၀ဝ ကျော်လောက် လိုက်ပါလာပါတယ်။

စထွက်ထွက်ချင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခွင့် ပြုချက် မတင်လို့ တားမြစ်ခဲ့ပေမဲ့ သံဃာတွေဘက်ကတော့ ခွင့်ပြုချက် ရတယ်လို့ ပြောပါတယ်။

ဦးဆောင် သံဃာ တစ်ပါး ဖြစ်တဲ့ မကွေး ကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ က "သူတို့ ဆွေးနွေးမယ် ဆိုရင် နံပါတ်တစ် အချက် အနေနဲ့ ဘင်္ဂါလီတို့ ရိုဟင်ဂျာတို့ကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဘူး။ နံပါတ်နှစ် အချက် အနေနဲ့ မြန်မာပြည် မည်သည့် နေရာမဆို အိုအိုင်စီရုံး လုံး၀ ဖွင့်ခွင့် မပြုနိုင်ဘူး။ နံပါတ်သုံး အချက်က ဒီကိစ္စကို ၁၉၈၂ နိုင်ငံသား ဉပဒေ အတိုင်း ဆုံးဖြတ်ရမယ်။ အဲဒိ ဉပဒေကို ကာကွယ်ပေးရမယ်။ နံပါတ်လေး အချက်က မြန်မာ ပြည်တွင်းရေးကို မည်သည့် နိုင်ငံ မည်သည့် အဖွဲ့အစည်းကမှ ဝင်ရောက် စွက်ဖက်ခွင့် မပြုဘူး။ အိုအိုင်စီကို အလိုမရှိဘူး"လို့ တောင်းဆိုချက်တွေကို ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ခိုးဝင် ဂင်္ဂါလီတွေကို မြန်မာနိုင်ငံအတွင်းကနေ အစ္စလမ်မစ် နိုင်ငံတွေကို ခေါ်ဆောင်သွားရမယ် လို့လဲ သူက ပြောခဲ့ပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီက အင်းစိန်မြို့နယ် အရင် ဂျီတီအိုင်ကျောင်း နေရာကနေ ကြို့ကုန်းအထိ လူ ၅၀ လောက် ချီတက် လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါသေးတယ်။

စစ်တွေမြို့ ဘုရားကြီး အနီးက ဝင်္ကဘာကွင်းမှာ အလားတူ လူစုဖို့ ကြိုးစားပေမဲ့ လုံခြုံရေး တာဝန်ရှိသူတွေက တားဆီးလို့ ဆန္ဒပြပွဲ မဖြစ်ခဲ့ပါဘူး။

အိုအိုင်စီ အဖွဲ့ လာရောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတွေကို အမှန်အတိုင်း သိရှိနိုင်အောင် စီစဉ် ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ OIC ရုံးခန်း ဖွင့်လှစ်ရေး အပါအဝင် မြန်မာနိုင်ငံအပေါ် တောင်းဆိုထားတဲ့ အချက်များနဲ့ ပတ်သက်ခြင်း မရှိပါဘူးလို့ အစိုးရက ဒီနေ့ သတင်းစာတွေမှာ ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ