မီတာခတွေ နောက်နှစ်မှ တိုးကောက်တော့မယ်

  • 12 နိုဝင်ဘာ 2013
Image caption မီတာခတွေ တိုးကောက်မယ် ဆိုလို့ ကန့်ကွက် ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မီတာခ တိုး ကောက်ခံမယ်လို့ အစိုးရက ထုတ်ဖေါ် ကြေညာခဲ့တဲ့အတွက် မကျေမနပ် ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့အပြီး ဒီကနေ့ အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာတော့ အခု ဘတ်ဂျက်နှစ်မှာ တိုးမကောက်ပဲ နောက်နှစ် ဘတ်ဂျက်မှာမှ မီတာခတွေ တိုးကောက်မယ်လို့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက အဆို တင်သွင်း ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ထုတ် သတင်းစာထဲမှာတော့ အများပြည်သူ သုံးစွဲတဲ့ လျှပ်စစ်မီတာ ယူနစ် ၁၀ဝ အောက်ကို တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စီးပွားရေးသုံး ယူနစ် ၅၀ဝ၀ အထိကို ကျပ်တစ်ရာနှုန်းနဲ့တိုးမြှင့်ကောက်ခံမယ် ဆိုပြီး လျှပ်စစ်မီး ဈေးနှုန်းသစ်ကို ပြင်ဆင်ကြေညာထားပါတယ်။

ဒါပေမယ့်လည်း ပြည်ထောင်စု လွှတ်တော်မှာတော့ လျှပ်စစ်မီတာခ ဈေးနှုန်းသစ်ကို အခုဘတ်ဂျက်နှစ်မှာ မကောက်ခံသေးပဲ လာမယ့် ၂၀၁၄-၁၅ ဘတ်ဂျက်နှစ်မှာမှ ကောက်ခံမယ်လို့ လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုးက တင်ပြခဲ့တဲ့အကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ရှင်းပြပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်းပဲ လျှပ်စစ်မီး ရပြီး ကျန်တဲ့ လူဦးရေ ၇၀ရာခိုင်နှုန်း ကို လျှပ်စစ်မီး ပေးဖို့အတွက် အခုလို မတိုးမဖြစ် မီတာခ တိုးကောက် မှာ ဖြစ်တယ်၊ ဒါ့ကြောင့် လွှတ်တော် အနေနဲ့ လျှပ်စစ်မီး မရတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက် လွှတ်တော်အနေနဲ့ ထည့်စဉ်းစားပေးဖို့ လိုတယ်လို့ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုးက ပြောသွားတယ်လို့ ဆိုပါတယ်။

လုပ်ငန်းရှင်တွေဘက်ကတော့ လျှပ်စစ်မီး ပုံမှန်ရဖို့နဲ့ သင့်တော်တဲ့ ဈေးနှုန်း ဖြစ်ဖို့ လိုတယ်လို့ အထည်ချုပ် လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးမြင့်စိုးက ပြောပါတယ်။