မြန်မာ-ထိုင်း လူကုန်ကူးမှု အရေး ဆွေးနွေး

  • 13 နိုဝင်ဘာ 2013
burma_migrant workers
Image caption ရွေ့ပြောင်း လုပ်သားတွေလည်း လုပ်အားခေါင်းပုံဖြတ် ခံရ

မြန်မာ-ထိုင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အရာရှိ တွေဟာ ပြစ်မှု ဆိုင်ရာ တရားစီရင်မှုမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ရဲမှူးချုပ် ဝင်းနိုင်ထွန်းက အခု အစည်းအဝေးဟာ ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ် အတွင်းမှာ လူကုန်ကူးမှု တွေကို တားဆီးနှိမ်နင်းဖို့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ နဲ့ ထိုင်း အကြား ဖြစ်နေတဲ့ လူကုန်ကူးမှု တွေမှာ အဓိက အားဖြင့်တော့ ပြည့်တန်ဆာ ကိစ္စတွေမှာ ခိုင်းစေတဲ့ လိင်ပိုင်း ဆိုင်ရာ ခေါင်းပုံဖြတ်မှု မျိုးတွေက များတယ်လို့ ဆိုပါတယ်။ နောက်ပြီး ရွေ့ပြောင်း အလုပ်သမား တွေအပေါ်မှာ လုပ်အားပိုင်း ခေါင်းပုံ ဖြတ်မှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှု တွေကတော့ များနေကြောင်း၊ ဒါပေမယ့် လုပ်အား ခေါင်းပုံ ဖြတ်မှု ဆိုတဲ့ အမျိုးအစား အောက်မှာ ဝင်နေတဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ အလုပ်ရုံတွေနဲ့ ငါးဖမ်း သင်္ဘောတွေမှာ ဖြစ်နေတဲ့ ခေါင်းပုံ ဖြတ်မှုတွေ ပိုများလာတာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။

အဲဒီ ကိစ္စတွေကို ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ပြီး ကျူးလွန်တဲ့ သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ၊ နောက်ပြီး လူကုန်ကူး ခံရသူတွေကို ပိုမို အကာအကွယ် ပေးသွား နိုင်ဖို့အတွက်လည်း ရည်ရွယ် ထားကြတဲ့ အကြောင်း ဆိုပါတယ်။

ဒီလို တနိုင်ငံနဲ့ တနိုင်ငံ အကြား ရွေ့ပြောင်း သွားလာမှုတွေ များလာ တာနဲ့ အမျှ လူကုန်ကူးမှု တွေနဲ့ လူမှောင်ခိုမှုတွေ ဟာလည်း ပိုပြီး များလာနိုင်တယ် လို့ ပြောပါတယ်။ အဲဒါကြောင့်ဒီလို လူကုန်ကူးမှု တွေကို ပိုပြီး ထိရောက်အောင် တားဆီး နှိမ်နင်း ဖို့ကတော့ တရားဝင် သွားလာ နိုင်ကြဖို့ကို အဓိက လုပ်ရမယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့နယ်စပ် တွေမှာလည်း ဆောင်ရန် ရှောင်ရန် တွေကို သိရအောင် လုပ်ပေးနေတဲ့ အကြောင်းနဲ့ နောက်ပိုင်းမှာလည်း ရောက်နေပြီးသား လုပ်သားတွေ ကိုပါ အဲဒီ အချက်တွေကို သိလာ ရအောင် ဆောင်ရွက် သွားဖို့လည်း ညှိနှိုင်း နေတဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ