OIC အဖွဲ့ မြန်မာ နိုင်ငံကိုရောက်

  • 13 နိုဝင်ဘာ 2013
Anti OIC protests in Burma
Image caption OIC အဖွဲ့ လာရောက်မှာကို မြန်မာ နိုင်ငံမှာ ကန့်ကွက် နေကြ

အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ၅ ရက်ကြာ မြန်မာ နိုင်ငံ ခရီးစဉ် အဖြစ် ဗုဒ္ဓဟူးနေ့ မနက်က ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့ ကို ပထမဆုံး အကြိမ် ရောက်လာခဲ့ ပါတယ်။

OIC အဖွဲ့ အတွင်းရေးမှုးချုပ်၊ တူရကီနဲ့ အင်ဒိုနီးရှား နိုင်ငံ တို့က နိုင်ငံခြားရေး ဝန်ကြီးတွေ အပါအဝင် အဖွဲ့ဝင် နိုင်ငံ တချို့က ကိုယ်စားလှယ် တွေပါဝင်တဲ့ အဖွဲ့ဟာ နေပြည်တော်ကို ခရီးဆက်ခဲ့ကြ ပါတယ်။

စရောက်တဲ့ နေ့မှာပဲ OIC အဖွဲ့ မိတ္ထီလာကို လာမယ် ကြားလို့ ကန့်ကွက်ဖို့ ပြင်ဆင် နေကြတယ် ပေမဲ့ ညနေပိုင်း အထိ အဲဒီကို ရောက်မလာကြသေးဘူးလို့ မြို့ခံ တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ် အတွင်း OIC အဖွဲ့က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ရှိတယ်၊ ရန်ကုန်က အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေနဲ့ နိုဝင်ဘာ ၁၆ ရက် နေ့ နောက်ပိုင်းမှာ တွေ့ဖို့ ရှိတယ် လို့ သတင်းတွေ ကြားနေရပေမဲ့ အတည် မပြုနိုင်သေးပါဘူး။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရခိုင် ပြည်နယ်က မွတ်ဆလင် တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အစိုးရ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်ကတော့ ရခိုင် ပြည်နယ်ကို သွားဖို့ အစီအစဉ် ရှိပေမဲ့ ရက် အတိ အကျ ကိုတော့ မပြောနိုင် သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် အိုအိုင်စီ မြန်မာ နိုင်ငံ ကို လာတဲ့ ခရီးစဉ်မှာ ဘာတွေ လုပ်မယ် ဘယ်ကို သွားမယ် ဆိုတာတွေက လျှို့ဝှက်တဲ့ သဘော လို ဖြစ်နေတယ်လို့ မြင်နေကြတာနဲ့ ပတ်သက်လို့ မြန်မာနိုငံ အစ္စလာမ် သာသနာရေး ကောင်စီ တွဲဖက် အတွင်းရေးမှုး ဦးဝဏ္ဏရွှေ ကတော့ အစိုးရချင်း စီစဉ်ပြီး လာရောက်တဲ့ ခရီးစဉ် ဖြစ်လို့ ပြည်တွင်း ဘာသာရေး အဖွဲ့တွေနဲ့ တစုံတရာ ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

OIC အဖွဲ့ နယ်တွေကို ဆင်းပြီးပြန်လာရင် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့မယ် ဆိုတာပဲ သိတယ်လို့ သူက ပြောပါတယ်။

ရခိုင် ပြည်နယ် ကို ရောက်လာရင်လည်း ကန့်ကွက် ဆန္းပြကြဖို့ ရခိုင်တိုင်းရင်းသား တွေက ပြင်ဆင် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ