ဘီဘီစီ သတင်းတွေကို SMS နဲ့ ဖတ်နိုင်ပြီ

  • 14 နိုဝင်ဘာ 2013
Image caption ဘီဘီစီသတင်းတွေကို မိုဘိုင်းဖုန်းပေါ်ကနေ ဖတ်ရှုနိုင်ပါပြီ

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နဲ့ ပြည်တွင်းက Blue Ocean ကုမ္ပဏီတို့ ပူးတွဲပြီး SMS message နဲ့ သတင်းတွေ ပေးပို့တဲ့ အစီအစဉ်ကို နိုဝင်ဘာလ ၁၄ရက်နေ့ကနေ စတင်နေပါပြီ။

ဘီဘီစီ နောက်ဆုံးရ သတင်းတွေကို မိုဘိုင်းဖုန်းမှာ အသံနဲ့ တနေ့ကို နှစ်ကြိမ် နားဆင်နိုင်ရာကနေ အခုအခါ ဘီဘီစီ သတင်းတွေကို SMS message နဲ့ ဖတ်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

SMS message သတင်းတွေကို တနေ့ကို နှစ်ကြိမ် မနက် ၈နာရီနဲ့ ညနေ ၆နာရီက စလို့ ပေးပို့ပေးမှာပါ။

မနက်ကို ၂စောင်၊ ညကို ၂စောင် ပေးပို့မှာ ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် SMS message တစောင်ကို ၂၀ကျပ်နှုန်းနဲ့ တနေ့ကို ၈၀ကျပ် ကောက်ခံမှာ ဖြစ်ပါတယ်။

Postpaid စနစ်နဲ့ မိုဘိုင်းဖုန်းတွေအတွက် လကုန်မှာ ၂၄၀၀ကျပ် ကျသင့်မှာ ဖြစ်ပြီး Prepaid စနစ်နဲ့ မိုဘိုင်းဖုန်းတွေကိုတော့ တနေ့ကို ၈၀ကျပ်နှုန်း ဖြတ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်း နောက်ဆုံးရ သတင်းတွေအပြင် SMS message အားကစား သတင်းတွေကိုလည်း မကြာခင် ပို့ပေးဖို့ စီစဉ်နေပါတယ်။

ကိုယ့်ရဲ့ မိုဘိုင်းဖုန်းကနေ ဘီဘီစီSMS message သတင်းတွေ ဖတ်လိုတယ် ဆိုရင် ဖုန်း နံပါတ် ၁၈၈၃၃၃ ဆီကို bbcnews ဆိုတဲ့ စာလုံး ရိုက်ထည့် ပေးပို့ပြီး မှာယူနိုင်ကြပါတယ်။

အသေးစိတ် စုံစမ်းလိုတယ် ဆိုရင်တော့ ရန်ကုန် ဖုန်းနံပါတ် ၀၁၂၃၉၉၁၈၈ ကို ခေါ်ဆိုပြီး အသေးစိတ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

ဘီဘီစီကို ရေဒီယိုနဲ့ နားဆင်အားပေးလာတဲ့ သောတရှင်တွေ အနေနဲ့ နောက်ဆုံးရ သတင်းတွေကို မိုဘိုင်းဖုန်းပေါ်ကနေ အချိန်မရွေး နေရာ မရွေး နားဆင် ဖတ်ရှုနိုင်တော့မှာ ဖြစ်တဲ့အတွက် ဘီဘီစီသောတရှင်တွေအတွက် သတင်းကောင်း ဖြစ်တယ်လို့ Blue Ocean ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။