အီးယူက တစ်နှစ်ကို ဒေါ်လာ သန်း ၁၂၀ ကူညီငွေ ၇ နှစ် ပေးမယ်

  • 14 နိုဝင်ဘာ 2013
EU Foreign Policy Chief, Catherine Ashton
Image caption ကက်သရင်း အက်ရှတန် ဦးဆောင်တဲ့ အီးယူ ကိုယ်စားလှယ် တွေ မြန်မာ နိုင်ငံမှာ ရောက်နေ

မြန်မာနိုင်ငံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနဲ့ ငြိမ်းချမ်းရေး ကဏ္ဍတို့ အတွက် ၂၀၁၄ ကစပြီး ၂၀၂၀ အထိ တစ်နှစ်ကို ယူရိုငွေ သန်း ၉၀ ထောက်ပံ့မယ်လို့ ကြာသပတေးနေ့က မြန်မာ နိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု အသင်းချုပ် UFCCI မှာ ပြုလုပ်တဲ့ EU-Myanmar Task Force ဖွံ့ဖြိုးရေးဆိုင်ရာ ဖိုရမ်မှာ ပြောခဲ့ တာပါ။

မြန်မာ နိုင်ငံရဲ့ အနာဂတ် အတွက် လူမှုအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်းနဲ့ လူသားချင်း စာနာ ထောက်ထားမှုကို အခြေခံ လုပ်ဆောင်ဖို့ အီးယူက ရည်ရွယ်တယ်လို့ နိုင်ငံခြားရေး မူဝါဒ အကြီး အကဲ ကက်သရင်း အက်ရှတန်က ပြောပါတယ်။

အစိုးရဘက်က တက်ရောက်တဲ့ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ကတော့ မြန်မာနိုင်ငံ ဘက်စုံ ဖွံ့ဖြိုးဖို့ အီးယူရဲ့ အကူအညီ အရေးကြီးတဲ့ အတွက် ကူညီ အားပေးဖို့ ပြောပါတယ်။

ဒီ အစည်း အဝေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက် ဆွေးနွေးခဲ့ရာမှာ နိုင်ငံ ဖွံ့ဖြိုးရေး လုပ်တဲ့ အခါ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး ကလည်း မဖြစ်မနေ ယှဉ်တွဲ လုပ်ရမယ်လို့ ထောက်ပြပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရေးတကြီး ပြင်ဆင်ဖို့ လိုတဲ့အကြောင်းနဲ့ အရေး မကြီးဟန် ဆောင်ပြီး နိုင်ငံ ဖွံ့ဖြိုးမှု လုပ်လို့ မရတဲ့ အကြောင်း ပြောသွား ပါတယ်။

အီးယူ ကိုယ်စားလှယ်တွေ အပြင် အီးယူက စီးပွားရေး လုပ်ငန်းရှင် ၁၀၀ လောက်လည်း တက်ရောက်ခဲ့ တဲ့ ဆွေးနွေးပွဲမှာ ဖွံ့ဖြိုးမှု ဆိုင်ရာတွေ အပြင် စီးပွားရေး၊ ခရီး သွားလာရေး၊ စိုက်ပျိုးရေး၊ ထုတ်လုပ်ကုန် ပစ္စည်း စွမ်းအင်နဲ့ အခြေခံ တည်ဆောက်ရေး လုပ်ငန်း ပတ်ဝန်းကျင် ဆိုင်ရာ အထောက်ပံ့ ဖြစ်စေမယ့် စီးပွားရေး လုပ်ငန်း စသဖြင့် ကဏ္ဍ ၅ ရပ်ခွဲပြီး သီးခြားစီ ဆွေးနွေး ခဲ့ကြပါတယ်။

သောကြာနေ့ မှာတော့ နေပြည်တော်က မြန်မာပြည် ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (MICC ) မှာ နိုင်ငံတော် အကြီးအကဲတွေ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ ထပ်တွေ့ပြီး သဘောတူ စာချုပ်တွေ လက်မှတ် ရေးထိုးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ