လက်ပံတောင်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့လို့ ဒေသခံတွေ ဒဏ်ရာ အပြင်းအထန်ရ

  • 15 နိုဝင်ဘာ 2013
Image caption လက်ပံတောင်း ဒေသခံတွေ ပစ်ခတ်မှုကြောင့် ဒဏ်ရာရ

လက်ပံတောင်း တောင် ဒေသ မိုးကြိုးပြင် တောင်ရွာထိပ် ပုသိမ် မုံရွာ လမ်းမမှာ မနေ့ညက ရဲနဲ့ ဒေသခံတွေ အချင်းများပြီး ပစ်ခတ်မှု ဖြစ်ပွားလို့ ဒေသခံ အချို့ ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

အခင်း ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး လက်မောင်း ဒဏ်ရာ ရသွားတဲ့ တောင်ရွာ ဒေသခံ မအေးစန်း က ရှင်းပြရာမှာ စဖြစ်တဲ့ အချိန်တုန်းက ' လာကြပါဦး ၊ ရဲတွေက မောင်းထုတ်ပြီး အတင်း၀င်လာလို့ ' ဆိုတဲ့ အော်သံ ကြားရလို့ ရွာသားေတွက ပြေးကြည့်ကြတာ ဟိုရောက်တော့ ရဲကားတွေက လူတွေဆီ အတင်း ပြေးဝင်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီနောက် လူတွေက ဝါးလုံးတွေနဲ့ တားကြပြီး ရဲတွေက လေးဂွတွေနဲ့ စပစ်ခဲ့တာ ဖြစ်တယ် ၊ ရွာသားတွေက စမှန်ခဲ့တဲ့ အခါ ကျတော့ ကိုယ့်ရွာမှာ ဒီလိုလာဗိုလ် ကျလို့ ရမလား ဆိုပြီး ပြန်လည် ခုခံကြတာလို့ မအေးစန်းက ဆိုပါတယ်။

တခါ လူတွေက နောက်ဆုတ် နောက်ဆုတ်နဲ့ အဲဒီ အခါ ၀မ်ပေါင် က ရဲကား ၁၇ စင်းက အတင်း ၀င်လာတာတယ် ၊ အဲဒီ အချိန်မှာ လူတွေက ဝါးလုံးတွေနဲ့ တားတဲ့ အခါ နောက်မဆုတ်တော့ သူတို့က ခွတွေနဲ့ တအားပစ် ၊ လူတွေက ပြန်ခုခံတော့ သူတို့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကို သူက ပြောပါတယ်။

အဲဒီလို ပစ်ခတ်ရာမှာ ခြောက်တဲ့ အနေနဲ့ မဟုတ်ဘဲ လူတွေကို ချိန်ပစ်တာလို့ သူက ဆိုပါတယ်။

ပစ်ချက်ကလည်း အများကြီး ဖြစ်ပြီး သူ့အထင် အချက် ၈ဝလောက် ရှိမယ်လို့ ပြောပါတယ်။

သေနတ်ပစ်ခတ်မှုကြောင့် သူ့ ညာလက်မောင်း တံတောင်ဆစ်အောက်မှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာက နက်တယ် ၊ လက်တွေက ထုံပြီး သွေးတွေ တအားထွက်ပေမယ့် ဆေးရုံဆေးခန်း သွားပြရင်လည်း စစ်ဆေးမေးမြန်းမှုတွေက များလွန်းလို့ အခုတော့ အင်္ကျီနဲ့ဘဲ စည်းထားတယ် ၊ အဲဒီ အင်္ကျီမှာတော့ သွေးတွေ နစ်နေတယ်လို့ မအေးစန်းက ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးချိန်မှာ ရဲကား ချထားကြောင်း သိရပါတယ်။

အခုတော့ သူတို့တွေ ပြန်ဆုတ်လာခဲ့ပြီ ၊ ဒဏ်ရာရတဲ့သူများတယ် ၊ သေနတ်နဲ့ လေးဂွ မှန်သူ အားလုံး ၇ယောက် ရှိတယ်လို့ ဆိုပါတယ်။

ညာဘက် ရင်မှာ မှန်တဲ့ လူရွယ်လေးရဲ့ ဒဏ်ရာကတော်တော် ပြင်းထန်ပြီး ကောင်လေးက ငယ်တော့ သွေးလန့်နေတယ်လို့ သူက ပြောပါတယ်။

ကောင်လေးရဲ့ နာမယ်က စိုပြေအောင် ဖြစ်ပြီး မိုးကြိုးပြင် အရှေ့နားက ရဲစခန်းချထားတဲ့ အနောက်ဖက် စံလေးရွာကလို့သိရပါတယ်။

နောက်ထပ် ရဲကား ၁၅ ကား ထပ်မံ ချထားကြောင်းလည်း သတင်းရရှိပါတယ်။

ဒါ့အပြင် ပစ်ခတ်မှု ဖြစ်ပွားရာ အနားက ခြံဝင်းထဲ ကျည်ဆံဝင်လို့ အမျိုးသား တယောက် ခြေသလုံး ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဝမ်ပေါင် ကုမ္ပဏီက ရဲတာဝန်ရှိသူ တွေကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့်လည်း ဖြေကြားနိုင်ခြင်း မရှိပါဘူး။

ရဲက အခင်းဖြစ်ပွားရာမှာ ရှိတဲ့ သတင်းထောက် ၂ ယောက်ကို ဆဲရေးပြီး သူတို့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖျက်ဆီး ခိုင်းတယ်လို့လည်း ယူနတီ ဂျာနယ်က သတင်းထောက် ကို ကျော်နိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ