ပြန်လွတ်လာသူတွေထဲ ဦးနေဝင်းမြေး နှစ်ယောက် ပါဝင်

  • 15 နိုဝင်ဘာ 2013
Two grandsons of dictator U Nay Win were releasedwin_ap
Image caption ဦးနေဝင်းရဲ့ မြေးကြီး ကိုအေးနေဝင်း ပြန်လွတ် လာတာကို သူ့ ညီငယ် ဆီးကြို

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီက တင်ပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆၉ ယောက်ကို မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သောကြာနေ့က ပြန်လွတ် လာကြသူတွေ ထဲမှာ ကွယ်လွန်သူ သမ္မတဟောင်း ဦးနေဝင်းရဲ့ မြေး နှစ်ယောက် ဖြစ်တဲ့ ကိုအေးနေဝင်းနဲ့ ကိုကျော်နေဝင်းတို့ လည်း ပါဝင်ပါတယ်။

ဦးနေဝင်းရဲ့ သားမက်နဲ့ မြေးသုံးယောက်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က နိုင်ငံတော် အာဏာသိမ်းဖို့ ကြိုးပမ်းတယ် ဆိုပြီး နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်က သေဒဏ်ချမှတ် ခံခဲ့ကြရ ပါတယ်။

သားမက် ဖြစ်သူ ဦးအေးဇော်ဝင်းနဲ့ မြေးတစ်ယောက် ဖြစ်တဲ့ ကိုဇွဲနေဝင်းကတော့ ၂၀၁၂ ခုနှစ် နှစ်ဆန်း ပိုင်းက ပြန်လွတ် လာခဲ့ပြီး ဖြစ်ပါတယ်။

ထောင်ထဲက သီးသန့်ဆောင်မှာ ထောင်ကျနေတဲ့ ကာလ တစ်လျှောက်လုံး မိသားစုနဲ့ တွေ့ခွင့် မရဘဲ နှစ်ပတ် တစ်ခါ ထောင်ဝင်စာ ပေးပို့ခွင့်သာ ရခဲ့ကြတယ်လို့ ကိုအေးနေဝင်းက ဘီဘီစီကို ပြောပါတယ်။

သူ့ကို စွပ်စွဲထားတဲ့ ပြစ်မှုတွေကို တစ်ခုမှ မကျူးလွန်ခဲ့တဲ့ အတွက် လိပ်ပြာ သန့်နေလို့ ထောင်ထဲကို ရောက်သွားချိန်ကစပြီး ပြန်လွတ်လာချိန် အထိ ၁၁ နှစ်ကျော် ကာလမှာ သူ့ကိုယ်သူ ဖမ်းဆီး ချုပ်နှောင် ခံထားရသူ အဖြစ် မခံစားရဘူးလို့လည်း ကိုအေးနေဝင်းက ပြောပါတယ်။

သူတို့ရဲ့ ညီဖြစ်သူ ကိုဇွဲနေဝင်းက အစ်ကို နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး အဖွဲ့ကို လာရောက် တင်ပြတဲ့ အတွက် အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီချက်နဲ့ တင်ပြပေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး အဖွဲ့ဝင် ကိုရဲအောင်က ပြောပါတယ်။

ပြန်လွှတ်ပေးရမယ့် အကျဉ်းသားတွေလည်း ကျန်နေသေး

ပြန်လွှတ်ပေးဖို့ တင်ပြထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၆၀ လောက် ရှိသေးတယ်လို့ သူက ဆိုပါတယ်။

ကျန်နေသေးတဲ့ အထဲမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်သူ၊ အရင် အစိုးရခေတ် ကာကွယ်ရေး ဝန်ကြီး ဌာနက ထိပ်တန်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ နိုဝင်ဘာလ ၂၀၀၈ ခုနှစ်ကမြောက်ကိုရီးယား နိုင်ငံ လျှို့ဝှက် ခရီးစဉ် အကြောင်း သတင်း ပေါက်ကြားစေခဲ့သူ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ RCSS ရှမ်းပြည် တပ်မတော် တောင်ပိုင်း အမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ABSDF ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ကိုသံချောင်း ခေါ်ကိုမြင့်စိုး တို့လည်း ကျန်သေးတယ်လို့ ကိုရဲအောင်က ပြောပါတယ်။

အခု ပြန်လွတ်လာသူတွေထဲမှာတော့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပြင် နိုင်ငံရေး ပုဒ်မတွေ အမျိုးမျိုးနဲ့ ထောင်ကျ နေသူတွေ လည်း ပြန်လည် လွတ်မြောက် လာကြပါတယ်။

သမ္မတ ဦးသိန်းစိန်က အခုနှစ် မကုန်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ