စစ်ရေး အပါအဝင် ဗြိတိန် မြန်မာ ဆက်ဆံရေး

  • 16 နိုဝင်ဘာ 2013
Image caption မြန်မာစစ်တပ်ကို လူထု ချစ်ခင်လေးစားတဲ့ ဗြိတိသျှ တပ်မတော်လို စစ်တပ်မျိုး ဖြစ်လာ အောင် ဗြိတိန်က ကူညီမယ်လို့ ဆို

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တချို့ ရှိခဲ့အပြီး ဗြိတိန် မြန်မာ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း ဗြိတိန် မြန်မာ ဆက်ဆံရေး ပေါ်လစီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေ အများကြီးပါနေတယ်ဆိုတဲ့ ဝေဖန်ပြောဆို မှုတွေ လည်း ရှိနေပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိန်နဲ့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေအကြား ဆက်ဆံရေးတွေ ပြန်လုပ်လာခဲ့ပြီး မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အကူအညီတွေ ပေးဖို့ ရှိတယ်လို့ ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ဘယ်လို ကူညီ ထောက်ပံ့မှု မျိုးတွေ လုပ်ဖို့ ရှိသလဲလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Andrew Patrick ကို ဘီဘီစီက ဆက်သွယ်မေးကြည့်ခဲ့ရာမှာ ဗြိတိန် အစိုးရအနေနဲ့ မြန်မာ စစ်တပ် စစ်တိုက်နိုင်စွမ်း ပိုရှိသွားစေမယ့် အကူအညီ အထောက်အပံ့မျိုး ပေးမှာ မဟုတ်ပဲ နှစ်နိုင်ငံ စစ်တပ်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင်၊ နားလည်မှု ပိုရှိလာအောင် လုပ်သွားမှာ ဖြစ်ပြီး မြန်မာစစ်တပ်ကို လူထု ချစ်ခင် လေးစားတဲ့ စစ်တပ် ဖြစ်လာအောင် ဒီမိုကရေစီနည်းကျင့်သုံးတဲ့ ခိုင်မာတဲ့ စစ်တပ် ဖြစ်လာအောင်လုပ်ဖို့ လိုတယ် ဆိုတာကို မြန်မာ အစိုးရ သိလာစေဖို့ ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြည့်မယ် ဆိုရင် ရဲတပ်ဖွဲ့အနေနဲ့ ချက်ချင်း တုန့်ပြန် ဆောင်ရွက်တာမျိုး မတွေ့ရတာဟာ လေ့ကျင့်သင်တန်း မရှိမှုနဲ့ လုပ်နိုင်စွမ်းရည် နည်းပါးလို့ ဖြစ်တာမို့ ဥရောပ သမဂ္ဂကနေ တဆင့် ရဲတပ်ဖွဲ့ စည်းကမ်းစနစ်၊ အုပ်စုဖွဲ့ အကြမ်းဖက်မှု ကိုင်တွယ် ဖြေရှင်းနည်း စနစ် စတာတွေနဲ့ ပတ်သက်လို့ လေ့ကျင့်သင်တန်း ပေးဖို့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။

ဗြိတိန် မြန်မာ ဆက်ဆံရေးမှာ ဗြိတိန် အစိုးရဟာ ဒေါ်အောင်ဆန်း စုကြည် ပြောတာတွေကိုပဲ လိုက်လုပ်နေတယ် ဆိုတဲ့ ဝေဖန် ပြောဆိုမှု တွေနဲ့ ပတ်သက်လို့ မေးရာမှာတော့ ဗြိတိသျှ သံအမတ်ကြီးAndrew Patrick က ဗြိတိန်အစိုးရဟာ ဒီမိုကရေစီ နည်းလမ်း အတိုင်းသာ ဆောင်ရွက်နေတာသာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမိုကရေစီ ကြိုးပမ်းမှုမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တာမို့ တခါတလေမှာ ဒီမိုကရေစီကို ထောက်ခံအားပေးတာနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အားပေးတာ ရောထွေးပြီး အမြင်မှားတတ်ကြောင်း ဗြိတိသျှ သံအမတ်ကြီး Andrew Patrick က တုန့်ပြန် ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး တွေ ဆက်ဆောင်ရွက်နိုင်ဖို့အတွက် စစ်တပ်ရဲ့ ရပ်တည်ချက် သဘောထားတွေကို ပြောင်းလဲပစ်ဖို့ လိုနေပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲရေးကို စစ်တပ်ဘက်က လက်ခံဖို့၊ မြန်မာ စစ်တပ်အနေနဲ့ လူထု ချစ်ခင်လေးစားတဲ့၊ ခိုင်မာတဲ့ စစ်တပ်ဖြစ်လာအောင် လုပ်ပြဖို့နဲ့ နိုင်ငံရေးမှာ ဝင်မပါပဲ နိုင်ငံ့အကျိုးကို ခိုင်မာတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ပြဖို့ လိုတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အဲဒီလို ထိပ်တန်း ရာထူး ပေးဖို့ ဒေါ်အောင်ဆန်း စုကြည် တဦးတည်းကို ကွက်ပြီး ပိတ်ပင်ထားတာဟာ မတရားဘူး လို့ ယူဆကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Andrew Patrick က ဘီဘီစီကို ပြောပါတယ်။