ထောင်မှ လွတ်လာတဲ့ ရှမ်းလူငယ်တွေ ရှင်းချက်

  • 17 နိုဝင်ဘာ 2013
pol_prisoners_released
Image caption အကျဉ်းသားများ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာ

နိုဝင်္ဘာလ ၁၅ ရက်နေ့က နိုင်ငံတော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတဲ့ အထဲမှာ ၂ဝ၁၁ ခုနှစ် ဇွန်လ က မန္တလေး စျေးချို၊ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့တွေ မှာ ဖြစ်ပွားခဲ့တဲ့ ဖေါက်ခွဲမှု တွေ နဲ့ ဆက်စပ်ပြီး ထောင်ချခံရတဲ့ ရှမ်းတိုင်းရင်းသား ငါးယောက် လည်း အိုးဘိုထောင် က လွတ်လာခဲ့ပါတယ်။

အဆိုပါ ရှမ်းတိုင်းရင်းသား ငါးယောက်ဟာ ဒီဖေါက်ခွဲမှု မှာ သူတို့ ပတ်သက်ခြင်း မရှိဘဲ တဖက်သတ် စွပ်စွဲ ထောင်ချ ခံရပုံ ကို မီဒီယာ နဲ့ တွေ့ဆုံပြီး ရှင်းလင်းခဲ့ပါတယ်။ အစိုးရ အနေနဲ့လည်း သူတို့မှာ အပြစ် မရှိတဲ့ အကြောင်း ကို ပြန်လည်ရှင်း ပြဖို့၊ စွပ်စွဲခံရတဲ့ အဖွဲ့ခေါင်းဆောင် ရတနာပုံ တက္ကသိုလ် ဒုတိယနှစ် ဘူမိဗေဒ ကျောင်းသား စိုင်းမိုးဟိန်း က ဘီဘီစီ ကို ပြောပါတယ်။

အခုလို မီဒီယာ က တဆင့် ရှင်းလင်းရခြင်းကလည်း နောင်ကို မတရား စွပ်စွဲမှု တွေ နဲ့ အများကို ထောင်မကျ စေလိုပုံ လည်း ရှင်းပြပါတယ်။ စိုင်းမိုးဟိန်း တို့ ငါးယောက် ဟာ RCSS-SSA ရှမ်း အဖွဲ့တွေ နဲ့ ဆက်နွယ်မှု ရှိတယ်ဆိုပြီး အဖမ်းခံရ အပြီး၊ စွပ်စွဲခံရတာ ကို သိရကြောင်း၊ စစ်ကြောရေး စခန်းမှာ လည်း အနှိပ်စက် ခံရပြီး၊ ပြစ်မှုကျူးလွန်ကြောင်း ကို ရိုက်နှက်ပြီး လက်မှတ်ထိုးခိုင်းကြောင်း ပြောပါတယ်။

တရားရုံးတော်မှာလည်း သက်သေထွက်ဆိုချက်တွေ ရှိပေမယ့်၊ အကြောင်းမထူးတဲ့ အတွက် တရားဥပဒေ စိုးမိုးမှု၊ ပွင့်လင်းမှု မရှိတာတွေ တွေ့ခဲ့ရတဲ့ အကြောင်း၊ အဲဒီ အတွက် အစိုးရ အနေနဲ့ စွပ်စွဲခံ ရသူတွေ ရဲ့ ဘဝ မှာ အမဲစက် စွန်းခဲ့ရတာကို ဖြေရှင်းပေးစေလို ကြောင်း စိုင်းမိုးဟိန်း က ဘီဘီစီ ကို ရှင်းပြပါတယ်။