လက်ပံတောင်း ပဋိပက္ခ ရဲအမှုဖွင့်

  • 17 နိုဝင်ဘာ 2013
letpadaung
Image caption လက်ပံတောင်း ပဋိပက္ခ နှစ်ချီလာပေမယ့် မပြေလည်သေး

မုံရွာ တဘက်ကမ်း လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင် တောင်ရွာမှာ နိုဝင်ဘာ ၁၄ ရက် ညက ရဲနဲ့ ဒေသခံတွေ အခြေအတင် ခိုက်ရန် ဖြစ်မှုမှာ ရဲက ဒေသခံတွေကို အမှုဖွင့် ထားပါတယ်။

ရဲကား ၃ စီး ပျက်စီးတယ်ဆိုပြီး ရွာသားတွေကို ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု၊ ဝတ္တရား နှောင့်ယှက်မှု၊ ပြည်သူ့ ဝန်ထမ်းများကို ထိခိုက် နာကျင်စေမှု တွေနဲ့ အမှုဖွင့်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် ညနေက မိုးကြိုးပြင် ရွာနားမှာ ရဲကင်းတဲ ဆောက်ပြီး ရွာသားတွေကို ကြေးနီစီမံကိန်း ရှိတဲ့ဘက် သွားလာခွင့် မပေးရာက စပြီး အချင်းများ ကြတဲ့အခါ ရွာသားတွေ ဘက်က လေးဂွတွေ၊ ခဲတွေနဲ့ ပစ်ခဲ့သလို ရဲတွေကလည်း လေးဂွတွေ ရာဘာ ကျည်ဆန် တွေနဲ့ ပစ်ခဲ့တဲ့အတွက် ရွာသား ၇ ယောက်၊ ရဲ ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရတဲ့ ရွာသား ၇ ယောက်ကို မန္တလေးဆေးရုံကြီးမှာ ဆေးကုသ နေတုန်း ရှိပါတယ်။

မနှစ် နိုဝင်ဘာက ဖြစ်ပွားတဲ့ လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းမှု နှစ်ပတ်လည် အထိမ်းအမှတ် ဆုတောင်းပွဲ၊ ဆန္ဒပြပွဲတွေကိုလည်း လက်ပံတောင်းနဲ့ ရန်ကုန် မန္တလေး မုံရွာ မိတ္ထီလာ စတဲ့ မြို့တွေမှာ တနင်္ဂနွေ နေ့က ကျင်းပခဲ့ပါတယ်။

မနှစ် တန်ဆောင်မုန်း လပြည့်နေ့ ညမှာ ဆန္ဒပြစခန်း တွေကို ဖြိုခွဲခဲ့တာမှာ သံဃာ ၁ဝ၁ ပါးနဲ့ လူ ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

အင်ကြင်းတောင်နဲ့ မိုးကြိုးပြင် ရွာမှာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ လုံခြုံရေး ရဲကင်း တွေနဲ့ လျော်ကြေး ကိစ္စ မပြေလည် သေးတဲ့ မြေတွေပေါ် ခတ်ထားတဲ့ ခြံစည်းရိုး တွေ ဖယ်ရှားပေးရေး၊ တရားဥပဒေ စိုးမိုးရေးတွေကို တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

မနှစ်က မီးလောင်ဗုံးဒဏ် ခံခဲ့ရတဲ့ ဆရာတော် ဦးဝိမလ ကတော့ တဖက်က အမှုဖွင့်တယ်ဆိုရင် ကျန်တဲ့ဘက် ကလည်း ပြန်ပြီးတော့ တရားစွဲဖို့ လမ်းဖွင့် ပေးသင့်တယ်လို့ မိန့်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ