ထိုင်းရောက် မြန်မာတွေ Passport သက်တမ်းတိုးတာ ပွဲစားမလို

  • 19 နိုဝင်ဘာ 2013
Image caption ပါ့စပို့ ကိစ္စ ပွဲမစားမလိုပြီ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဗီဇာသက်တန်းတိုးမယ့် ကိစ္စနဲ့ ယာယီ Passport ကနေ Passport အကြီး ပြောင်းမယ့်ကိစ္စတွေဟာ အစီစဉ်အတိုင်း လုပ်ဆောင်ပေး သွားမှာဖြစ်လို့ အလုပ်သမားတွေအနေနဲ့ ပွဲစားတွေနဲ့ ပိုက်ဆံအကုန်ခံ လုပ်စရာမလိုဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားရေး ဆိုင်ရာ သံအရာရှိက မဲဆောက်မြို့မှာ မနေ့က ပြောကြားသွားခဲ့ပါတယ်။

ဗီဇာသက်တမ်း ၄ နှစ် ပြည့်သွားတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဗီဇာတိုးမယ့် ကိစ္စနဲ့ လက်ရှိ ယာယီPassport ကို Passport အကြီးနဲ့ ပြောင်းပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပြီး နောက်ပိုင်းမှာ အဲဒီကိစ္စတွေအတွက် ကုန်ကျစရိတ်တွေဟာ Passport ပွဲစား စျေးကွက်ထဲမှာ အမျိုးမျိုး ထွက်ပေါ်နေတာကြောင့် မြန်မာအလုပ်သမားတွေ ရတက်မအေး ဖြစ်နေရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား ဆိုင်ရာ သံအရာရှိ ဦးကျော်ကျော်လွင်ဟာ ဒီနေ့ မဲဆောက်ကိုလာပြီးတော့ ရှင်းပြရာမှာ Passport အပြောင်းအလဲကတော့၊ အခု MoU နဲ့၀င်လာတဲ့ အလုပ်သမားတွေ အားလုံးကPassport အနီရောင်နဲ့ ဝင်ဖို့အတွက် ဆိုပြီး ရန်ကုန်မှာ ထုတ်ပေးတယ်လို့ ဆိုပါတယ်။

ပြီးတော့ နယ်စပ်ကနေ ပြန်ဝင်လာတယ် ၊ လေးနှစ်ပြည့်တဲ့ အလုပ်သမားတွေအတွက်က၊ အလုပ်သမား၀န်ကြီးဌာနကနေ ပို့လာတဲ့အပေါ် မူတည်ပြီးတော့ demand letter နဲ့ ဆောင်ရွက်ပေးမယ်လို့ သူက ပြောပါတယ်။

အဲဒီအလုပ်သမားတွေဟာ ခရမ်းစာအုပ် သက်တမ်း ရှိသေးမယ်ဆိုရင် ဆက်ကိုင်ထားသင့်ပြီး ၊ ခရမ်းရောင်စာအုပ်ဟာ သက်တန်းမရှိဖြစ်မယ် ဆိုရင်တော့၊ အနီရောင် ပြောင်းပေးလို့ ရပါတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ခရမ်းရောင်စာအုပ်ကလည်း ကာလတခု သတ်မှတ်ထားတာ ရှိမှာပေါ့၊ အဲဒီအခါကျရင် အနီရောင် ပြောင်းရမှာပဲ၊ Passport အကြီးဟာ ရန်ကုန်မှာပဲ လုပ်လို့ရတဲ့အခါကျတော့၊ ရန်ကုန်ကစျေးကပဲ အတည်ဖြစ်ပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် နယ်စပ်တွေမှာ ဘယ်လောက်ဆိုတာ သတ်မှတ်ထားတာ မရှိဘူးလို့ သူက ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများကြီးရှိတဲ့ နယ်စပ်က မဲဆောက်မြို့ကို လာပြီး အခုလို လာပြောရတာက ဗီဇာသက်တန်းတိုးခနဲ့ Passport အကြီး လဲလှယ်ခ ဆိုပြီးတော့၊ ပွဲစားတွေက ဘတ်ငွေ ၂ သောင်း အထိ တောင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့်၊ အလုပ်သမားတွေ အလိမ်မခံရအောင် သတိပေးတာလို့ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိလိုတယ်ဆိုရင်လည်း၊ မြန်မာသံရုံးက အလုပ်သမားဌာန အပြင် အလုပ်သမား အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်တယ်လို့ သိရပါတယ်။