ကချင် တိုက်ပွဲတွေ ကြောင့် ဒုက္ခသည်တွေ ထွက်ပြေး

  • 18 နိုဝင်ဘာ 2013
KIA and Government Peace Talks
Image caption အပစ်ရပ်ရေး ဆွေးနွေးမှုတွေ လုပ်နေတဲ့ ကြားက တိုက်ပွဲတွေ ဆက်ဖြစ်နေ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ ကြားမှာ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်ဖို့ ကြိုးပမ်း နေကြချိန်မှာပဲ ကချင် ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ ပါတယ်။

ကချင် ပြည်နယ်၊ မန်စီ မြို့နယ် အတွင်းရှိ နမ့်လင်းပါ ဒေသမှာ တနင်္ဂနွေနေ့ မနက်က စတင် ခဲ့တဲ့ တိုက်ပွဲတွေ တနင်္လာနေ့ အထိ ဆက်ဖြစ် နေတယ်လို့ ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင်က ပြော ပါတယ်။

မန်စီ ရွာထဲကို မုန်းဒိန်းပါ ဘက်က အစိုးရ စစ်ကြောင်း ဝင်ရောက် လာခဲ့ ပြီးတဲ့နောက် ရွာထဲမှာ နေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ၊ ကျောင်းသူ ကျောင်းသားတွေ နဲ့ ကျေးရွာ လူထုတွေ အပါအဝင် လူ ၂၃၀၀ လောက်ဟာ တိုက်ပွဲ တွေကနေ လွတ်အောင် တောတောင်တွေကို ဖြတ်ပြီး ခြေလျင် ထွက်ပြေး နေကြပါတယ်။

လောလောဆယ် ဗန်းမော်ကို ရောက်လာတဲ့ ဒုက္ခသည် ၄၀ လောက်ရှိပြီး မန်ဝင်းကြီး ဒုက္ခသည် စခန်းတွေ ဆီကို ရောက်လာကြသူက ၁၀၀ လောက်ပဲ ရှိသေးတယ်လို့ ကချင် ဒုက္ခသည်တွေ အရေး ကူညီ ဆောင်ရွက်ပေး နေတဲ့ ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။

သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အပါအဝင် ဒုက္ခသည် အများစုက အခုလောလောဆယ် တောတောင်တွေထဲမှာ ပြေးလွှား နေတုန်းပဲလို့လည်း သူက ဆိုပါတယ်။

မိုင်ဂျာယန် အခြေစိုက် ဒုက္ခသည်များ ကူညီရေး စောင့်ရှောက်ရေး အဖွဲ့က နမ့်လင်းပါ ကို ရိက္ခာ သွားရောက် ဝေငှချိန်မှာ တိုက်ပွဲ စဖြစ်တဲ့ အတွက် သူတို့ပါ ထွက်ပြေးနေရတယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

သူတို့ အခုလို ထွက်ပြေးလာတဲ့ နှုန်း အရ ဆိုရင် အင်္ဂါနေ့ လောက်မှ မိုင်ဂျာယန်ကို ရောက်မယ်လို့ မှန်းဆကြောင်းလည်း သူက ပြောပါတယ်။

ဒုက္ခသည်တွေ ရောက်လာတဲ့ အခါ နေရာပေးနိုင်ဖို့ အသင့် မရှိတဲ့ အတွက် ခရစ်ယာန် အသင်းတော်တွေရဲ့ ရန်ပုံငွေနဲ့ နေစရာတွေ စတင် ဆောက်နေကြပြီး အကူအညီငွေလည်း လိုအပ် နေတယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

ကေအိုင်အေနဲ့ အစိုးရ စစ်တပ် အကြား အခု ရက်ပိုင်း အတွင်း ဖြစ်ရတဲ့ တိုက်ပွဲ တွေဟာ နမ့်လင်းပါ ရွာကို အန်ဂျီအို အဖွဲ့ကို အစိုးရ တပ်က တိုက်လို့ တန်ပြန် တိုက်ရ တာ ဖြစ်ကြောင်း ရန်ကုန်မှာ ရောက် နေတဲ့ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ