ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်မှာ ရှင်းလင်းပွဲပြုလုပ်

  • 18 နိုဝင်ဘာ 2013
Image caption ဗိုလ်ချုပ် ဂွမ်မော်ဟာ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့

ရန်ကုန်ကို ရောက်ရှိနေတဲ့ ကချင် လွတ်မြောက် ရေး တပ်မတော် ကေအိုင်အေက ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အစိုးရနဲ့ တိုင်းရင်းသား လိုက်နက်ကိုင် အဖွဲ့တွေကြား၊ နိုင်ငံရေး အရ ဖြေရှင်းဖို့ ဆန္ဒရှိတယ် ဆိုတာကို နှစ်ဘက် စလုံးက ပြဖို့ လိုတယ်လို့ ပြောကြား လိုက်ပါတယ်။

ဗိုလ်ချုပ် ဂွမ်မော်ဟာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ ကျရင် စတင်မယ့် တိုင်းရင်းသား ပေါင်းစုံနဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဆွေးနွေးပွဲကို တက်ရောက် ဖို့ လာရင်း လိုင်ဇာ ညီလာခံက ချမှတ် လိုက်တဲ့ မူတွေကို အစိုးရနဲ့ ဆွေးနွေးဖို့ ရန်ကုန်ကို ရောက်ရှိ နေစဉ် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲကနေ တိုင်းရင်းသား အဖွဲ့တွေ ကိုယ်စား အတည်ပြု ဖွဲ့စည်းပေး လိုက်တဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဖေါ်ဆောင်မှု ဆိုင်ရာ ညှိနိုင်ရေး အဖွဲ့ (NCCT) ရဲ့ ဒုတိယ ခေါင်းဆောင်လည်း ဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော်ဟာ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ တယ်လို့ ပြောပါတယ်။

နောက်ပြီး ကေအိုင်အေနဲ့ အစိုးရ စစ်တပ် အကြား အခု ရက်ပိုင်း အတွင်း တိုက်ပွဲ ဖြစ်ရတာ ဟာ၊ နမ့်လင်းပါ ရွာကို လာတဲ့ အန်ဂျီအို အဖွဲ့ကို အစိုးရ တပ်က တိုက်လို့ တန်ပြန် တိုက်ရ တာ ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွား ခဲ့ပါတယ်။

ငြိမ်ချမ်းရေး ရဖို့ ကိစ္စကိုတော့ ဗိုလ်ချုပ် ဂွမ်မော်က လက်နက်ကိုင် တပ်နှစ်ခု အပြန် အလှန် နားလည်မှု ယူထားတဲ့ စာချုပ်မျိုး တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အရ နားလည်မှုတွေ ရယူပြီး အာမခံချက်တွေ သက်သေတွေနဲ့ လက်တွေ့ လုပ်ပြမှ ဖြစ်နိုင်တာမို့ အချိန်အားဖြင့် အတော်ယူပြီး ဆွေးနွေးမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမယ်လို့ ပြောပါတယ်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးလည်း အစိုးရနဲ့ ဆွေးနွေးပြီးမှ သူတို့ အဖွဲ့က မူကြမ်း တစောင်ပြန် ရေးပြီး အများပြည်သူ သိအောင် နိုဝင်ဘာလ ၂၅ ရက် နောက်ပိုင်းမှာ ချပြသင့်ရင် ချပြမယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ