သောင်းရင်းမြစ်ထဲက Loi Krathong မီးမျှော်ပွဲ

  • 18 နိုဝင်ဘာ 2013
Image caption မီးမျှောရင်း လိုအင် ဆန္ဒ တောင်းကြပြီ

မြန်မာဖက်မှာ တန်ဆောင်တိုင်ခေါ်ပြီးတော့၊ ထိုင်းဖက်မှာ လွိုင်ကရထုန် လို့ခေါ်တဲ့ ပွဲတော်ကို မနေ့ညက မြ၀တီနဲ့ မဲဆောက်နှစ်မြို့ကို နယ်စပ်အဖြစ်ခြားထားတဲ့ သောင်ရင်းမြစ်ထဲမှာ အရင်နှစ်တွေထက်မတူပဲ တမူထူးပြီး ကျင်းပခဲ့ပါတယ်။

မြ၀တီနဲ့ မဲဆောက် ၊မြန်မာနဲ့ ထိုင်းအာဏာပိုင်တွေဟာ သောင်ရင်းမြစ်ရဲ့ နှစ်ဖက်ခြမ်းမှာ မီးတွေ ထွန်းညှိုထားတဲ့ ဘောတွေအပေါ် ကနေ တပြိုင်နက် မီးကြာဖူးတွေကို မျှောကြတဲ့အတွက် အခု နှစ် တန်ဆောင်တိုင်၊ လွိုင်ကရထုန် ပွဲတော်ဟာ အရင်နှစ်တွေနဲ့မတူပဲ ပိုပြီး ထူးခြားပါတယ်။

ပြီးတော့ အရင်နှစ်တွေတုံးက ဆိုရင် နှစ်ဖက်လူထုတွေဟာ သောင်ရင်းမြစ်ကမ်းကို ကမန်းကတန်း ဆင်းပြီးတော့၊ မီးကြာဖူးမျှော်ပြီးတာနဲ့ အမြန် ပြန်တက်သွားလေ့ရှိပေမဲ့၊ အခုနှစ်မှာတော့ ၊မြ၀တီကလူထုတွေကော၊ မဲဆောက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများစုနဲ့ ထိုင်းလူမျိုးတွေပါ စိုးရိမ်ကြောင့်ကျမှုတွေမရှိပဲ၊ သောင်ရင်းမြစ် ညွှတ်လုနီးပါး မီးကြာဖူးမျှော်ကြတာကလည်း ထူးခြားတဲ့မြင်ကွင်းတခု ဖြစ်ပါတယ်။

မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ က ထိုင်း၊မြန်မာ တန်ဆောင်တိုင်၊ လွိုင်ကရထုန်ပွဲတော် ပူးပေါင်းကျင်းပတာနဲ့ ပတ်သက်ပြီး ရှင်းပြရာမှာ သူ့အနေနဲ့ ဒီမြ၀တီမြို့မှာ တာ၀န်ထမ်းဆောင်တာ သုံးနှစ်ရှိပြီ ၊ အဲဒီ အတောအတွင်း တနှစ်ထက် တနှစ်ပိုပြီးတော့မှာ ချစ်ခင် ရင်းနှီးမှုကို ပြသလာတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူက နောင်နှစ်တွေမှာလည်း ဒီထက်မကပိုပြီး၊ စည်ကား သိုက်မြိုက်စွာနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရယူ ဆောင်ရွက်သွားပါမယ်လို့ ဆိုပါတယ်။

နောက်ပြီး ကျွန်တော်တို့ နိုင်ငံတွေစည်ပင်ပါစေ ဒီထက်မက တိုးတက်ပြီးတော့၊ ကျွန်တော်တို့ မြို့နယ်အနေနဲ့ ဆိုလည်း မြို့ဟာ ဒီထက်မက ကြီးကျယ်ခန်းနားတဲ့မြို့၊ ဟိုတယ်ဇုံတွေ၊ ကျွန်တော်တို့ မြ၀တီမြို့မှာလည်း တဖက်နိုင်ငံနဲ့ ယှဉ်နိုင်ပြီးတော့မှ ရင်ဘောင်တန်းနိုင်တဲ့ မြို့တမြို့ဖြစ်ပါစေလို့ ဆုတောင်းလိုက်တယ်လို့ သူက ပြောပါတယ်။

မဲဆောက်ဖက် ချစ်ကြည်ရေးတံတားထိပ်မှာတော့၊ မဲဆောက်မြို့ ၈ ရပ်ကွက်က အလှပြယာဉ်ပြိုင်ပွဲ တွေ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲတွေ၊ ရိုးရာအကတွေနဲ့ ဖျော်ဖြေပွဲတွေစုံပြီး လှယဉ်ကျေးမယ်ပြိုင် ပွဲကိုတော့၊ မြန်မာတွေအတွက် တရက်နဲ့ ထိုင်းတွေအတွက် တရက် ကျင်းပ ပေးခဲ့ပါတယ်။

မဲဆောက်က ပွဲခင်းကတော့၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကော ၊မြ၀တီဖက်ကူးလာတဲ့သူတွေနဲ့ပါ ကြက်ပျံမကျ စည်ကားနေပါတယ်။

နဂိုရ်တုံးက ဒီအတိုင်းသွားလို့ရှိရင်၊ ဗီဇာမရှိတဲ့လူတွေကို ဖမ်းတာဆီးတာရှိပြီး အခုတော့၊ဗီဇာရှိရှိ၊ မရှိရှိ လွတ်လွတ်လပ်လပ်သွားလို့ရတာ သိတ်ကောင်းတယ် ၊ ဒီပွဲလမ်းသဘင် မှာ ဗမာလူမျိုးတွေက အများဆုံးနီးပါး ဖြစ်ပြီး ရှမ်းလူမျိုးတွေက အ တော်နည်းတယ်လို့ ပွဲခင်းလာသူ တယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာက အခုလောလောဆယ် လုပ်ငန်းတွေကောင်းနေပြီ ဆိုပေမဲ့၊ ပြန်တဲ့လူကမရှိ ၊ တက်လာတဲ့လူပဲရှိသလို မြန်မာနိုင်ငံမှာက အခြေခံလစာက ၆ သောင်း၊ ၇ သောင်း လောက်ရှိချိန်မှာ ဒီမှာက အခြေခံလစာက တသိန်းခွဲလောက် အနည်းဆုံးရှိတာကြောင့် မို့လို့ တက်လာတာ များနေတာလို့ သူက ရှင်းပြပါတယ်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေက ထိုင်းကိုရောက်နေပေမဲ့၊ သူတို့ရဲ့မွေးရပ်မြေက အတိုင်း ဉီးရွှေရိုးအက၊ သိုးနယားအက၊ ကျွဲအကတွေ၊ ဖင်န်စီအကနဲ့ မဲဆောက်မြို့ အနှံ့ ကထိန်ခင်းနေကြတာကလည်း၊ ကြည်နူးစရာမြင်ကွင်းတရပ် ဖြစ်ပါတယ်။