ဗိုလ်ချုပ် ဂွန်မော်ကို ကချင် တိုင်းရင်းသား ထောင်ချီ သွားတွေ့

  • 19 နိုဝင်ဘာ 2013
Gen Gun Maw,second in command of KIA_Reuters
Image caption တနင်္လာနေ့ ကလည်း သတင်းထောက်တွေကို ဗိုလ်ချုပ် ဂွမ်မော် တွေ့ဆုံ ရှင်းလင်းခဲ့

တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေရဲ့ လိုင်ဇာ ဆွေးနွေးပွဲက အတည်ပြု ဖွဲ့စည်းပေး လိုက်တဲ့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဖေါ်ဆောင်မှု ဆိုင်ရာ ညှိနိုင်ရေးအဖွဲ့ (NCCT) ရဲ့ ဒုတိယ အဖွဲ့ ခေါင်းဆောင် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ရန်ကုန်မြို့မှာ ကချင်တိုင်းရင်းသား တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

တက်ရောက်လာသူ ကချင်လူမျိုး သုံးထောင်လောက်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဂွမ်မော်က ရှင်းပြခဲ့ပါတယ်။

ကချင် လူထု အကျိုး အတွက် နိုင်ငံရေး အရ ဆွေးနွေးပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောခဲ့ကြောင်း အဲဒီ တွေ့ဆုံပွဲကို တက်ရောက်တဲ့ ကချင် ငြိမ်းချမ်းရေး ကောင်စီက ဒေါ်ခွန်ဂျာက ပြောပါတယ်။

အင်္ဂါနေ့ ညဦးပိုင်းက စမ်းချောင်းမြို့နယ် ရွှေပြည်ဧ လမ်းမှာ ရှိတဲ့ ကချင် နှစ်ချင်း ခရစ်ယာန် ဘုရားရှိခိုး ကျောင်းမှာ ပြုလုပ်တဲ့ ဗိုလ်ချုပ် ဂွမ်မော်နဲ့ တွေ့ဆုံပွဲကို ရန်ကုန်မှာရှိတဲ့ ကချင် စာပေ ယဉ်ကျေးမှု အသင်းနဲ့ ခရစ်ယာန် အသင်းတော် ကိုယ်စားလှယ်တွေ၊ ကျမ်းစာ သင်တန်း တက်နေတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်က ကချင်အသိုင်း အဝိုင်းအားလုံး နီးပါး တက်ရောက် ကြတယ်လို့ သိရ ပါတယ်။

နေ့လယ် တုန်းကတော့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့ အစည်းက ဦးကိုကိုကြီး၊ ကိုအံ့ဖွယ်ကျော်၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင်တို့နဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လို အတူ ပူးပေါင်း မယ် ဆိုတာ ဆွေးနွေးခဲ့ ပါတယ်။

တခါ အင်္ဂါနေ့မှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဗန်းမော် ခရိုင် မန်စီမြို့နယ် နန့်လင်းပါ ရွာကနေ ထွက်ပြေးလာခဲ့ကြသူ နှစ်ထောင်ကျော် ထဲက လူ ၈၀၀ လောက်ဟာ ဗန်းမော် ခရိုင် မန်ဝင်းကြီး ရွာကို ရောက်လာကြပါတယ်။

တောတောင်တွေကို ဖြတ်ပြီး သုံးရက်ကြာ ခြေလျင် လျှောက်ခဲ့ရတဲ့ ခရီးသည်တွေကို ဗန်းမော် ခရိုင် ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော်က တာဝန်ရှိသူတွေက လမ်းမှာ စောင့်ကြိုပြီး မန်ဝင်းကြီး ရွာက ဒုက္ခသည် စခန်းတွေဆီ ခေါ်ဆောင် လာခဲ့ကြပါတယ်။

ကေအိုင်အေနဲ့ အစိုးရ တပ်တို့ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွား ခဲ့တဲ့ အတွက် စစ်ဘေးရှောင်ဖို့ ထွက်ပြေး ကြရတဲ့ ကချင် တိုင်းရင်းသား တချို့မှာ မိသားစု တကွဲ တပြား ဖြစ်နေတယ်လို့ ဒုက္ခသည်တွေ ကိုယ်တိုင်ပြန်ပြောပြတာတွေ အရ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ