ABSDF နဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့တွေ့

  • 20 နိုဝင်ဘာ 2013
304x171_
Image caption ABSDF ဥက္ကဌ ရဲဘော်သံခဲ

ABSDF ခေါ် မကဒတ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်မတော် ဥက္ကဌ ရဲဘော်သံခဲ ဦးဆောင် တဲ့ အဖွဲ့ နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး လုပ်ငန်း အဖွဲ့တို့ ဟာ ပြီးခဲ့တဲ့ ရက် က နေပြည်တော် မှာ ဆွေးနွေးကြပါတယ်။

ဒီအခါမှာ အစိုးရဘက်က ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးတဲ့ အခါ မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမယ်၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး စတာတွေ ဆက်လုပ်မယ့် အကြောင်း ပြောတယ် လို့ ရဲဘော်သံခဲ က ဘီဘီစီ ကို ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရာမှာ လည်း ABSDF တပ်ဖွဲ့ဝင် တွေ ပါဝင်ကြောင်း၊ ဆိုပါတယ်။

ABSDF ဆက်ဆံရေး ရုံးတွေ လည်း ဖွင့်လှစ်လိုကြောင်း ဆွေးနွေးရာမှာ မြဝတီမြို့၊ မူဆယ်၊ ကလေး သို့မဟုတ် တမူး မြို့တွေ ဘက်မှာ ဖွင့်လှစ်လိုကြောင်း တင်ပြခဲ့ပုံ လည်း ရဲဘော်သံခဲ က ရှင်းပြပါတယ်။ နှစ်ဘက် အကြား ဆွေးနွေးရာမှာ အားနည်းချက် အနေနဲ့ တော့ ကနေ့ တပြည်လုံး အပစ်အခတ် ရပ်ဆဲရေး အပိုင်းမှာ အင်အားစု အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့် ကို မကျော်ဖြတ်နိုင်သေးပုံ၊ လည်း ပြောပါတယ်။

ဖယ်ဒရယ် နိုင်ငံ၊ ဖယ်ဒရယ် စစ်တပ် ဆိုရာမှာ လည်း အစိုးရ ဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရဲ့ စစ်အင်အား၊ လက်နက်အင်အား တို့ကို ကော်မတီ ကို တင်ပြစေလိုပုံ၊ ဒါ့အပြင် စစ်သား မစုဆောင်းရ၊ လူထုကြား ဆက်ကြေး၊ အခွန်အခ မကောက်ခံရ ဆိုတဲ့ ကန့်သတ်ချက်တွေ ပါနေလို့ တိုင်းရင်းသားတွေ ဘက် က လက်မခံနိုင် တဲ့ အနေအထားရှိပါတယ်။

ဒါပေမယ့် ABSDF ဟာ နိုင်ငံရေး ပွဲစား၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လည်း မဟုတ်တဲ့ အတွက်၊ ဒီမိုကရေစီ ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ပဲ ကြိုးပမ်းတဲ့ အတွက်၊ လက်ရှိ အခြေအနေ အရ နိုင်ငံရေး အာမခံချက် မရှိတဲ့ အပစ်ရပ်ရေး ဟာ လိုချင်တဲ့ အဖြေ မရနိုင်သေးတဲ့ အတွက်၊ လက်မှတ်ထိုးမယ့် အခါမှာတော့ ABSDF ဗဟို ကော်မတီ ရဲ့ ဆုံးဖြတ်ချက် နဲ့ ဆောင်ရွက်မယ့် အကြောင်း ရဲဘော်သံခဲ က ဘီဘီစီ ကို ရှင်းပြပါတယ်။