ကချင်ပြည်နယ်မှာ တင်းမာနေဆဲ

  • 20 နိုဝင်ဘာ 2013
_kia_kachin_kio
Image caption ကေအိုင်အေနဲ့ အစိုးရ တပ်အကြား တင်းမာမှုတွေ ရှိနေဆဲ

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲက မန်စီ ဒေသ တဝိုက်မှာ စစ်တပ် အင်အားတွေ တိုးတက် ချထားနေ ပါတယ်။

အဲဒီက နောက်ဆုံး အခြေအနေ တွေနဲ့ ပတ်သက်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းကို ဆက်သွယ် မေးကြည့်တော့ အဲဒီ ဒေသတွေမှာ ကေအိုင်အေ တပ်တွေ နဂို ထဲက ရှိနေပြီးသားလို့ ပြောပါတယ်။

နမ့်လင်းပါ တို့လို ကျေးရွာ တွေဟာ အရင်ထဲက ကေအိုင်အေ တပ်ရင်း ၁၂ အောက်က ရွာ တွေ ဖြစ်ပြီး အစိုးရ ဘက်က တပ်တွေသာ တပ်ရင်း ၁၀ ရင်းလောက် ဝင်လာ ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့ရတာဟာလည်း အဲဒါကြောင့် လို့ ဆိုပါတယ်။

အဲဒီမှာ ဒုက္ခသည် စခန်းတွေလည်း ရှိပြီး အစိုးရ တပ်ဘက်က ရွာထဲကိုဝင်ပြီး ဖမ်းဆီးတာမျိုးတွေ ရှိခဲ့ကြောင်း နဲ့ ပြီးခဲ့တဲ့ သောကြာ နေ့ကလည်း ဒုက္ခသည် စခန်း တွေထဲကို သေနတ် ပစ်ဖောက် ဝင်ရောက် မှုတွေ လုပ်ခဲ့လို့ အဲဒီက ဒုက္ခသည် တွေမှာ ခြေဦးတည်ရာ ထွက်ပြေး ကြရတဲ့ အကြောင်းပြောပါတယ်။

သူသိသလောက် နောက်ဆုံး အခြေအနေ အရတော့ တိုက်ပွဲတွေ ဖြစ်တယ်လို့ သတင်း မရကြောင်း၊ ဒါပေမယ့် ကျောင်းသား ၄၊ ၅ ယောက်လောက်ကို အစိုးရ တပ်တွေဘက်က ဖမ်းခေါ်သွားပြီး သူတို့ကို ကေအိုင်အေ စခန်းတွေ ဆီကို ရှင်းလင်းဖို့ သွားရာမှာ ကေအိုင်အေ ဘက်က ပစ်ခတ်တာမျိုး မရှိရအောင် ခေါ်သွားတယ်လို့ သိရကြောင်း ပြောပါတယ်။

ဒေသအတွင်းမှာ တပ်လှုပ်ရှားမှုတွေ ရှိနေသရွေ့ တိုက်ပွဲတွေ မလွှဲသာ မရှောင်သာ ရှိလာနိုင်ပြီး ဒါကို ချက်ခြင်း ရပ်ပစ်ဖို့တော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ