ဂမ်လန်ရာဇီ မြန်မာ့ အမြင့်ဆုံးတောင် ဖြစ်နိုင်မလား

  • 20 နိုဝင်ဘာ 2013
Himalaya Mountain Ranges
Image caption ဟိမဝန္တာ တောင်စဉ် တောင်တန်းများ

မြန်မာ နိုင်ငံရဲ့ ဒုတိယ အမြင့်ဆုံး လို့ သတ်မှတ် ထားတဲ့ ဂမ်လန်ရာဇီ တောင်ရဲ့ အမြင့်ပေဟာ မူလ တိုင်းထွာထားခဲ့တာ တွေနဲ့ မတူဘဲ ပြောင်းလဲ နေတယ်လို့ မြန်မာ နိုင်ငံ ခြေလျင် တောင်တက် အဖွဲ့ချုပ်က ပြောပါတယ်။

ဂမ်လန် ရာဇီတောင်ကို အမေရိကန် မြန်မာ ချစ်ကြည်ရေး တောင်တက် အဖွဲ့က ပြီးခဲ့တဲ့ လပိုင်းက ပထမဆုံး အကြိမ် တောင်ထိပ်ကို ရောက်အောင် တက်ရောက် နိုင်ခဲ့ပြီး အမြင့်ပေ တိုင်းထွာ ကြည့်ခဲ့ရာမှာ အရင်က တိုင်းထား တာထက် ပိုမြင့် နေတာ တွေ့ရ ပါတယ်။

၁၉၄၀ ခုနှစ်က ရုရှားနဲ့ အမေရိကန်တို့က ထုတ်တဲ့ မြေပုံတွေ အရရော အခု ဂူဂဲလ် မြေပုံ မှာ တွေ့မြင်ရတာတွေ အရပါကြည့်ရင် မြန်မာ နိုင်ငံမှာ အမြင့်ဆုံး ဆိုတဲ့ ခါကာဘိုရာဇီ တောင်ထက် ပေ ၃၀ နဲ့ ၄၀ လောက် ပိုမြိင့နေတာ တွေ့ရလို့ အမေရိကန် တောင်တက် သမားတွေက စိတ်ဝင်စားပြီး တက်ခဲ့ကြတယ်လို့ မြန်မာ နိုင်ငံ ခြေလျင် တောင်တက် အဖွဲ့ချုပ်က နည်းစနစ်မှူး ကိုသက်ထွန်းက ပြောပါတယ်။

လက်တွေ့တက်ကြည့်ပြီး တိုင်းထွာမှု အရ ဂမ်လန်ရာဇီ တောင်ရဲ့ အမြင့်ပေဟာ ၁၉၂၅၈ ပေ ရှိနေတဲ့ အတွက် မူလ တိုင်းထွာ ခဲ့တဲ့ ၁၉၁၄၀ ပေထက် ပေ ၁၁၀ ကျော်ပိုမြင့် နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အမြင့်ဆုံး အဖြစ်သတ်မှတ်ထားတဲ့ ခါကာဘိုရာဇီ တောင်ထက် ပိုမြင့် မမြင့် ဆိုတာကတော့ ခါကာဘိုရာဇီ တောင်ထိပ်ကို သွားရောက် တိုင်းထွာ ကြည့်ပြီးမှသာ ပြောနိုင်မှာ ဖြစ်တယ်၊ လောလောဆယ်တော့ ဂမ်လန်ရာဇီ တောင်ရဲ့ နောက်ဆုံး သိရတဲ့ အမြင့်ပေ ၁၉၂၅၈ ဆိုတာက ခါကာဘိုရာဇီ တောင်ရဲ့ မူလ အမြင့်ပေ ၁၉၂၉၅ ကိုတော့ မမီ သေးဘူးလို့ ကိုသက်ထွန်းက ပြောပါတယ်။