အရှေ့တောင်အာရှပွဲ အတွက် မြန်မာကို ထိုင်းက ကူ

  • 20 နိုဝင်ဘာ 2013
Image caption အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မကြာခင် ရက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိ

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်း ခေါ် အရှေ့တောင် အာရှ အားကစားပွဲ အတွက် ထိုင်းဖက်က အကူအညီ ပေးတဲ့ အားကစား အထောက်အကူ ပစ္စည်းတွေနဲ့ ကွန်ပြူတာ အစရှိတဲ့ IT ပစ္စည်းတွေကိုတင်ထားတဲ့ ကုန်ကားဆယ်စီးဟာ အဂါနေ့ မနက်တုံးက မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကို ဖြတ်ကျော်ပြီး မြန်မာဖက်ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီပစ္စည်းတွေကို ထိုင်းနိုင်ငံ တာခ်ခရိုင် အုပ်ချုပ်ရေးမှူးက မြန်မာဖက်က အားကစားနဲ့ ကာယပညာ ဉီးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဉီးမြတ်သွင်ကို မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားထိပ် မှာ လွှဲပြောင်း ပေးအပ် လိုက်တာပါ။

အာဆီယံ အဖွဲ့၀င်သစ် ညီနောင်နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဆီးဂိမ်းကို အိမ်ရှင်အဖြစ် မကျင်းပဲ နေတာ အနှစ် ၄၀ ကျော်သွားပြီ ဖြစ်ကြောင်း၊ ဒါ့ကြောင့် မကြာခင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဆီးဂိမ်းအတွက် ထိုင်း အစိုးရနဲ့ ထိုင်းအားကစား အဖွဲ့ချုပ်တို့က လိုအပ်တာတွေကို ဝိုင်း၀န်း ကူညီ ဆောင်ရွက်တာလို့ တာခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆူရိယ ပရဆာသ်ဗန်ဒစ် က ပြောသွားပါတယ်။

တကယ်တော့ ဒီပစ္စည်းတွေကို ထိုင်းတာ၀န်ရှိသူတွေက မြန်မာ တာဝန်ရှိသူတွေကို တနင်္လာနေ့တုံးက ဘန်ကောက်မှာ တရား၀င် လွှဲပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုတခါ နယ်စပ်ကို ရောက်လာတဲ့ ကားတန်းကြီးကို ထိုင်းဖက်ကနေ မြန်မာဖက်ကို ပြန်လွှဲပေး ခဲ့တာပါ။

ထိုင်းအစိုးရနဲ့ ထိုင်းနိုင်ငံ အားကစား အဖွဲ့ချုပ်တို့ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပွဲ အတွက် အမေရိကန် ဒေါ်လာ ၂ သန်း နီးပါး အကူအညီ ပေးဖို့ မြန်မာအစိုးရနဲ့ သဘောတူ ထားပါတယ်။

ထိုင်းက မြန်မာကို ပေးမယ့် အကူအညီတွေထဲမှာ မြန်မာ အားကစား ဝန်ထမ်းတွေ ကို လေ့ကျင့်ပေးဖို့ မြန်မာ အားကစား သမားတွေကို အားကစားနည်း ၆ မျိုး လေ့ကျင့်ပေးဖို့ အားကစား အထောက်အကူ ပစ္စည်းတွေနဲ့ ကွန်ပြူတာ အပါအဝင် IT ပစ္စည်းတွေ အကူအညီပေးဖို့ တို့ ပါဝင်ပါတယ်။