ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကုလတိုက်တွန်း

  • 20 နိုဝင်ဘာ 2013
Image caption ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေ ကြောင့် ရခိုင်ဒေသမှာ လူထောင်နဲ့ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရ

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မီတီက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို တန်းတူ နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။

ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အနေနဲ့ ထိထိ ရောက်ရောက် ကိုင်တွယ် အရေးယူဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

အခုနှစ် မကုန်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကတိစကားကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မီတီက ကြိုဆိုလိုက်ပြီး မြန်မာ အစိုးရအနေနဲ့ အဲဒီအတိုင်း လိုက်နာ ဆောင်ရွက်သွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း လူ့အခွင့်အရေးတောင်းဆို ဆန္ဒပြသူတွေကို ထင်သလို ဖမ်းဆီး အရေးယူနေတာမျိုးတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ထိန်းသိမ်း ထားတာတွေ၊ မြေယာ အဓမ္မသိမ်းယူမှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ မတရား အနိုင်ကျင့် နှိပ်စက် ညှင်းပန်းမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ မြန်မာနိုင်ငံမှာ ဆက်ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မီတီက ပြောပါတယ်။