UNFC နဲ့ တိုင်းရင်းသား ပါတီတွေ နားလည်မှုရ

  • 22 နိုဝင်ဘာ 2013
UNFC and Political Parties
Image caption တိုင်းရင်းသား တွေနဲ့ နိုင်ငံရေး ပါတီတွေ ချင်းမိုင်မှာ ဆွေးနွေးကြ ( ဦးညိုအုန်းမြင့် FB)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နဲ့ မြန်မာ နိုင်ငံတွင်းက နိုင်ငံရေး ပါတီ ၁၁ ပါတီရဲ့ ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံပြီး စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့က ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာမှာ နှစ်ဘက် နားလည်မှုတွေ ရခဲ့ကြတယ်လို့ နှစ်ဘက် စလုံးက ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေ ဘက်က ရှင်းပြတာကို ကြားရပြီး ဒီကိစ္စ နားလည်မှု ရဖို့ မခက်ဘူးလို့ ပါတီတွေ ဘက်က ပြောခဲ့ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာက ပြော ပါတယ်။

ပြည်ထောင်စု တပ်မတော်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ဘက်က ရှင်းပြတာတွေ အရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဖြစ်နိင်ခြေ ရှိတယ် ဆိုတာ တွေ့လာ ရတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဖြစ်သူ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ RNDP က ဦးဇော်အေးမောင်က ပြောပါတယ်။

ပြည်ထောင်စု တပ်မတော် ဆိုတာဟာ လက်ရှိ တပ်မတော်ကို ဖျက်ပြီး အသစ် ဖွဲ့ဖို့၊ လက်ရှိ တပ်မတော်ကို ဆန့်ကျင်ဖို့လည်း မဟုတ်ဘဲ နောင် ပေါ်ပေါက်လာမယ့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုတာဟာ လက်ရှိ တပ်မတော်မှာ တိုင်းရင်သားတွေ ပါဝင်ဖို့ ကိုပြောတာ ဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် အနှောင့် အယှက် ဖြစ်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဦးနိုင်ဟံသာ ကလည်း နိုင်ငံရေး ပါတီတွေကို တိုင်းရင်းသား တွေနဲ့ ရင်းနှီး နားလည်မှု ရရှိနိုင်အောင်၊ အကြံဉာဏ်တွေ ပေးနိုင်အောင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီက ဝန်ကြီး ဦးအောင်မင်းက အခု ဆွေးနွေးပွဲကို စေလွှတ်တာ ဖြစ်ပြီး သူတို့ အနေနဲ့ လွတ်လွတ် လပ်လပ် ပြောဆို ဆွေးနွေးခဲ့ကြတဲ့ အပြင် သူတို့ အမြင်တွေကို ပွင့်ပွင့် လင်းလင်း ပြန်လည် တင်ပြ ပေးလိမ့်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

တိုင်းရင်းသားတွေ ဘက်က တချိန်ချိန်မှာ ပြုလုပ်မယ့် နိုင်ငံရဲ့ အနာဂတ် အတွက် ကျယ်ပြန့်တဲ့ ဆွေးနွေးမှု တွေမှာ နိုင်ငံရေး ပါတီတွေ ပါဝင်လာနိုင်မယ်၊ ဒါပေမဲ့ အခု ဆွေးနွေးပွဲ ကနေတော့ လာမယ့် ဘားအံ ဆွေးနွေးပွဲ အတွက် ဘုံ သဘောတူညီချက် တစ်ခုခု ရသွားတဲ့ အဆင့်ထိ မရောက်သေးဘူး လို့လည်း ဦးနိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ