ကျောက်ဖြူမြို့နယ်တွင်း မြေယာ သိမ်းမှု

  • 23 နိုဝင်ဘာ 2013
countryside
Image caption စိုက်ပျိုးမြေဧက

ရခိုင်ပြည်နယ်တွင်းရှိ ကျောက်ဖြူမြို့နယ် အပိုင်၊ အုန်းတော်ကြီး ကျေးရွာအုပ်စု အနီးမှာ ရဲတပ်ရင်း ချဖို့ မြေဧက ၂၀၂ ဧက ကို သိမ်းပိုက်မယ့် အခြေအနေ ကြောင့်၊ ရွာသား ၁၃၃ ယောက် မှ လက်မှတ်ထိုးပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ထံ ဒီလ ၁၈ ရက်နေ့ က စာရေးတိုင်ကြား လိုက်ပါတယ်။

ရွာသားတွေ အနေနဲ့ ဒီမြေ တွေ အသိမ်းခံရရင်၊ စိုက်ပျိုး လုပ်ကိုင် စားစရာ မရှိမှာ စိုးတဲ့ အကြောင်း၊ ဘိုးဘွားပိုင် လယ်မြေတွေ ဖြစ်တာ တကြောင်းမို့၊ အထက် အာဏာပိုင် ကို အသိပေး တိုင်ကြားကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။ ဒါ့အပြင် ရဲတပ်ရင်း ချဖို့ အတွက် မြေဧက ၂၀၂ ဧက လိုအပ်ပါသလား ဆိုတာလည်း သိလိုကြောင်း ပြောပါတယ်။

ရဲမှူးကြီး ဦးမင်းအောင် ကတော့ ဒီမြေတွေဟာ မြေလွတ်မြေရိုင်းတွေ ဖြစ်တာကြောင့် အထက်ကနေ၊ ရဲတပ်ရင်း အခြေချဖို့ ပေးပြီး ဖြစ်ကြောင်း၊ လက်ရှိ အနေအထား အရ သိမ်းတယိ ဆိုပေမယ့်၊ မြေတိုင်းတာမှု မပြုရသေးတဲ့ အတွက် မြေတိုင်းတဲ့ အခါမှာ ရွာခံ တွေ ကို လိုက်ပါ ကြည့်ရှုခွင့် ပေးပြီး၊ သူတို့ပိုင် အကွက်တွေ ပါခဲ့ရင် မနစ်နာအောင် ဆောင်ရွက် ပေးဖို့၊ ရပ်မိရပ်ဖ နဲ့ ဆွေးနွေးပြီးကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဘိုးဘွားပိုင် လို့ ဆိုရာမှာလည်း တောင်သူတွေ ဘက်မှာ အထောက်အထား က မရှိသလို၊ အစိုးရထံ မှာ သာ သီးစားဆိုလည်း၊ သီးစားလုပ်ပိုင်ခွင့်၊ မြေယာ ဥပဒေ ရှိပြီးကြောင်းလည်း ပြောပါတယ်။ ရဲဘက် ကို ချပြီးသား ဆိုပေမယ့် တောင်သူတွေ ပိုင်တဲ့ မြေကွက် ပါရင် ပေါက်စျေးနဲ့ ပေးလျော်မဲ့ အကြောင်း၊ ဒါကို သဘောတူပြီးမှသာ ရဲ အဆောက် အအုံ တွေ ဆောက်မှာ ဖြစ်ကြောင်း၊ တကယ် လို့ မကျေနပ်ရင် လွှတ်တော် က မြေယာ ကော်မတီ၊ သမ္မတ အထိ တိုင်တန်း နိုင်ကြောင်းပါ၊ ရဲမှူးကြီး ဦးမင်းအောင် က ဘီဘီစီ ကို ရှင်းပြပါတယ်။