ကမန်တိုင်းရင်းသား လူဦးရေစာရင်း ကောက်ဖို့ စီစဉ်နေ

  • 24 နိုဝင်ဘာ 2013
Image caption နိုင်ငံသား မဟုတ်သူတွေက ကမန် တိုင်းရင်းသား အဖြစ် အလွဲသုံးစား လုပ်နေမှုတွေ ရှိတယ်လို့ ကမန်တွေက ပြော

ကမန် အမျိုးသား တိုးတက်ရေး ပါတီ (ဗဟို) ကနေ မြန်မာနိုင်ငံတွင်းက ရခိုင် မျိုးနွယ်စုဝင် ကမန် တိုင်းရင်းသား လူဦးရေ စာရင်း ကောက်ယူသွားမယ်လို့ နိုဝင်ဘာလ ၂၃ရက် နေ့စွဲနဲ့ ကြေညာ လိုက်ပါတယ်။

ကမန် တိုင်းရင်းသား အများစုဟာ အစ္စလာမ် ဘာသာ ကိုးကွယ်သူတွေ ဖြစ်ကြပြီး ဘာသာရေး နွယ်တဲ့ အကြမ်းဖက်မှုတွေ နောက်ဆုံး ဖြစ်ခဲ့တဲ့ ကျောက်ဖြူ၊ သံတွဲဘက်မှာ အများစု နေထိုင်ကြပါတယ်။

အခုလို ကမန် တိုင်းရင်းသား လူဦးရေ စာရင်း ကောက်ယူရတာဟာ နိုင်ငံသား အစစ် မဟုတ်တဲ့ ဘင်္ဂါလီ လူမျိုးတွေက ကမန် တိုင်းရင်းသား ကဒ်ပြားတွေ ကိုင်ဆောင်ပြီး နိုင်ငံသား အဖြစ် အလွဲသုံးစား လုပ်နေကြတာကို ကိုင်တွယ် ဖြေရှင်းဖို့ ဖြစ်တယ်လို့ ကမန် အမျိုးသား တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ရခိုင်မျိုးနွယ်စုဝင် ကမန် တိုင်းရင်းသား တွေ အဖြစ် နိုင်ငံသားလက်မှတ် ကိုင်ဆောင်ပြီး အလွဲသုံးစား လုပ်နေကြတဲ့အတွက် ရခိုင်ပြည်နယ်မှာရော၊ တခြား ဒေသတွေမှာပါ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာတယ်လို့ သူက ပြောပါတယ်။

အရင် စစ်အစိုးရ လက်ထက် နှစ်ပေါင်း ၆၀လောက် ကမန် တိုင်းရင်းသား လူဦးရေ စာရင်း မကောက်ယူနိုင်ခဲ့ပဲ အခု ပွင့်လင်းလာတဲ့ ကာလမှာ စာရင်း ပြုစုဖို့ စီစဉ်တာ လို့ ဆိုပါတယ်။

အဓိကအနေနဲ့ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ ၄နေရာမှာ ဆွေစဉ် မျိုးဆက် စာရင်းတွေ ကောက်ခံပြီး ရခိုင်မျိုးနွယ်စုဝင် ကမန် တိုင်းရင်းသားတွေ ဟုတ်မဟုတ်ဆိုတာကို အတည်ပြု ဆုံးဖြတ်သွားမယ်လို့ သူက ပြောပါတယ်။

ဒီလို ဆောင်ရွက်ဖို့ ကိုယ်စားပြု ကော်မီတီ အဖွဲ့ ဖွဲ့ထားပြီး ဖြစ်ပြီး အစိုးရကိုရော လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီကိုပါ တင်ပြထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ ကမန် တိုင်းရင်းသား လူဦးရေ ၃သောင်းခွဲကနေ ၅သောင်းလောက် ရှိတယ်လို့ ခန့်မှန်းကြောင်း သူက ပြောပါတယ်။