ဒေါ်စု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံယူ

  • 27 နိုဝင်ဘာ 2013
Daw Aung San Suu Kyi is in Sydney.
Image caption ဆစ်ဒနီ တက္ကသိုလ် နှစ်ခုက အပ်နှင်းတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တွေကို ဒေါ်စု လက်ခံခဲ့

ဩစတြေးလျ နိုင်ငံမှာ ရောက်နေတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဆစ်ဒနီ မြို့တော်က အော်ပရာ ကပွဲရုံကြီးမှာ မြန်မာ မိသားစု တွေနဲ့ တွေ့ဆုံ မိန့်ခွန်း ပြောခဲ့ ပါတယ်။

နောက်ပိုင်းမှာ University of Technology, Sydney ဆစ်ဒနီ နည်းပညာ တက္ကသိုလ်နဲ့ University of Sydney ဆစ်ဒနီ တက္ကသိုလ် တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့တွေကို အဲဒီ အော်ပရာ ကပွဲရုံကြီးမှာပဲ လက်ခံ ရယူ ခဲ့ပါတယ်။

အခမ်းအနား နှစ်ခုစလုံးကို ပရိတ်သတ် ထောင်နဲ့ ချီပြီး တက်ရောက် ခဲ့ကြတယ်လို့ ဆစ်ဒနီမြို့က မြန်မာ တွေက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံသား တွေနဲ့ သီးသန့် တွေ့ဆုံ ခဲ့တဲ့ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ မြန်မာ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး မရှိတဲ့ ကိစ္စ တို့ကို ပြောခဲ့တယ်လို့ မြန်မာ နိုင်ငံသား တွေက ပြန်ပြောပြ ပါတယ်။

ဒုတိယ တွေ့ဆုံပွဲ မှာတော့ ဒေါ်အောင်ဆန်း စုကြည်ကို စိတ်ဝင်စားကြတဲ့ သြစတြေးလျ နိုင်ငံသားတွေ၊ မြန်မာ မိသားစုတွေ အပြင် ဂုဏ်ထူးဆောင် ပါဂူဘွဲ့ အပ်နှင်းတဲ့ တက္ကသိုလ်က ကျောင်းမှာ ပညာသင်ခဲ့ဖူးတဲ့ ကျောင်းသူ ကျောင်းသားဟောင်း တွေလည်း တက်ရောက် ခဲ့ကြတယ်လို့ ဆစ်ဒနီ နည်းပညာ တက္ကသိုလ် ကျောင်းသူဟောင်း မလှမြတ်မွန်က ပြောပါတယ်။

ဆစ်ဒနီ နည်းပညာ တက္ကသိုလ်က ၁၉၉၇ ခုနှစ် ကတည်းက အပ်နှင်း ခဲ့တဲ့ လူ့ အခွင့် အရေး ဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အခု ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ကို အပ်နှင်းတာ ဖြစ်ပြီး ဆစ်ဒနီ တက္ကသိုလ် ကတော့ ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲကို ချီးမြှင့်တာလို့ သူက ပြော ပါတယ်။

သြစတြေးလျ နိုင်ငံသား တွေက ဒေါ်အောင်ဆန်း စုကြည်ကို လေးစားကြတာ၊ လှိုက်လှိုက် လှဲလှဲ ကြိုဆို နှုတ်ဆက်ကြတာ တွေ့ရတဲ့ အတွက် မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ ဂုဏ်ယူ အားကျစရာ ကောင်းတယ်လို့ မလှမြတ်မွန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ