သမ္မတ၊ ကာချုပ်၊ လွှတ်တော်နဲ့ ဒေါ်စု အခု တွေ့ဖို့ မလိုသေး လို့ဆို

  • 28 နိုဝင်ဘာ 2013
Daw Aung San Suu Kyi
Image caption ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေး ချင်တယ် လို့ဆို

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆင်ပြေ ချောမွေ့ စေဖို့ လွှတ်တော်၊ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် တို့ကို ဒေါ်အောင်ဆန်း စုကြည်က တွေ့ဆုံ ဆွေးနွေး လိုပါတယ် ဆိုတဲ့ တောင်းဆို ချက်ကို လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မီတီ အစီရင် ခံစာ ထွက်လာပြီးမှသာ စဉ်းစား သင့်တယ် ဆိုတဲ့ တုံ့ပြန် သဘောထား သမ္မတ ပြောခွင့်ရသူ ဘက်က ပေါ်ထွက်လာ ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်း စုကြည်က ဆွေးနွေးဖို့ ပန်ကြားချက်ကို သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် တို့က လက်မခံဘူးဆိုတဲ့ သဘော မဟုတ်ဘူးလို့ သမ္မတ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြော ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတာဟာ နိုင်ငံသား အားလုံး အတွက် အရေးကြီးတဲ့ အပြင် အန်အယ်လ်ဒီ ပါတီ သာမက တရားဝင် မှတ်ပုံတင် ထားတဲ့ နိုင်ငံရေး ပါတီတွေ အားလုံး နဲ့လည်း သက်ဆိုင်တဲ့ အတွက် ဒီဇင်ဘာ လကုန်မှာ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လေ့လာသုံးသပ်ရေး ကော်မီတီရဲ့ တွေ့ရှိချက် ထွက်လာပြီးတဲ့ အထိ စောင့်ဆိုင်း သင့်တယ်လို့ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ယူဆကြောင်းလည်း သူက ပြောပါတယ်။

အန်အယ်ဒီ ဘက်ကတော့ သူတို့ နိုဝင်ဘာလ ၂၆ ရက် နေ့က ပို့ထားတဲ့ အဲဒီ စာနဲ့ ပတ်သက်ပြီး အခုချိန်ထိ တရားဝင် ပြန်ကြားခြင်း မရှိသေးဘူးလို့ အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် က ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် တောင်းတာဟာ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး တစ်ခုတည်းသာ မက ဖွဲ့စည်းပုံနဲ့ ဆက်စပ် နေတဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်မူ ကိစ္စ စတဲ့ အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေ ကို ညှိနှိုင်း ဆွေးနွေးဖို့ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ