မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အတွက် လိုအပ်ချက်တွေ သုံးသပ်နေ

  • 29 နိုဝင်ဘာ 2013
Image caption ရင်းနှီးမြှတ်နှံသူတွေ လာအောင် လိုအပ်ချက်တွေ သုံးသပ်မယ်လို့ ဆို

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ တစောင်မှာ ရင်းနှီး မြှုပ်နှံလိုသူတွေ အတွက် အသင့် ဖြစ်တဲ့ နိုင်ငံ ၁၈၉ နိုင်ငံစာရင်းကို ဖေါ်ပြထားပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံဟာ ၁၈၂ နေရာမှာ ရှိနေပြီး အိမ်နီးချင်း လာအိုနိုင်ငံက ၁၅၉ နေရာမှာရှိနေပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ စလုပ်နေတဲ့ မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ဘာတွေ လိုအပ်ချက်ရှိနေပါသလဲလို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်ကို ဘီဘီစီက မေးမြန်းရာမှာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေတွေ ထုတ်ပြန်ခဲ့တာ ၈ လခန့်ဘဲ ရှိသေးကြောင်း၊ ဒါတွေကို နိုင်ငံတကာစံနဲ့ မှီအောင် ဘယ်လိုလုပ်မလဲ ဆိုတာ လေ့လာပြီး ပြုပြင်ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ လိုအပ်ချက် ဘာတွေရှိနေသလဲဆိုတာကို သုံးသပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

လာမယ့် တနှစ် ဒါမှမဟုတ် ၂ နှစ်အတွင်း သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရှေ့ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ လောလောဆယ် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ အဖြစ် ရှိနေဆဲလို့ သူက ပြောပါတယ်။

တရုတ်ကုမ္ပဏီတွေအပါအဝင် မြန်မာနိုင်ငံမှာ နိုင်ငံခြားက လာရောက် ရင်းနှီးမြှုပ်နှံသူတွေကို သူတို့ စီးပွားရေး လုပ်ကိုင်ရာ ဒေသတွေမှာ Corporate Social Responsibility လို့ ခေါ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး ကျန်းမာရေး အစရှိတဲ့ လူမှုရေးတာဝန်ယူမှုတွေ အသေအချာ လုပ်ကြဖို့ ပြောကြားထားတယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကော်မရှင်အနေနဲ့လဲ သက်ဆိုင်ရာ ရင်းနှီမြှုပ်နှံသူတွေကို ပတ်ဝန်းကျင် ထိခိုက်မှု ၊ လူမှုရေး ထိခိုက်မှု နဲ့ လူသားတွေ အပေါ် ထိခိုက်မှု စတာတွေ ရှိမရှိ ဆန်းစစ်ပြီးမှသာ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံခွင့် ပြုမပြု စဉ်းစားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ