ဒေါ်စုကို ဥပမာပေးပြီး မျိုးစောင့် တရားဟော

  • 29 နိုဝင်ဘာ 2013
Image caption ဦးဝီရသူရဲ့ တရားတွေကြောင့် ဘာသာ မတူသူတွေ အကြား အမုန်းတွေ ပိုပွားစေ တယ်လို့ TIME မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ အခု ရက်ပိုင်းအတွင်း မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ ဟောပြောခဲ့တဲ့ တရားတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောသွားခဲ့တယ်လို့ သိရပါတယ်။

စောင့်လေ မျိုးနွယ် ဆိုတဲ့ တရားနဲ့ မညီခဲ့လို့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ စစ်အစိုးရ လက်ထက်က တိုက်ခိုက် ပြောဆိုခံခဲ့ရတာ ဖြစ်သလို သမ္မတ ရာထူး ယူဖို့ ကိစ္စမှာလည်း အခက်တွေ့နေရတာ ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

မျိုးစောင့် ဥပဒေကို ဖေါ်ဆောင်တဲ့ နေရာမှာ အမျိုးစောင့်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေနဲ့ အမျိုးမစောင့်ရင် ဖြစ်ပေါ်လာမယ့် မကောင်းကျိုးတွေကို ပိုင်းခြားပြီး ဟောပြောခဲ့တာလို့ ဦးဝီရသူက ဘီဘီစီကို မိန့်ပါတယ်။

ဦးဝီရသူအနေနဲ့ ဘာသာ မတူသူတွေ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို လက်ကိုင်ထားကြောင်း၊ လွတ်လပ်စွာ ထိမ်းမြား လက်ထပ်ခွင့် ဆိုတာ လူ့အခွင့်အရေး ဖြစ်ပြီး အမျိုးစောင့်ရေး ဆိုတာ အမျိုးသားရေး ဖြစ်တာမို့ လူ့အခွင့်အရေးနဲ့ အမျိုးသားရေးကို ခွဲခြား ပြချင်တဲ့ အတွက် အခုလို ဟောပြောခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ အားကောင်းပေမယ့် အုပ်ချုပ်ရေးမှာ အားနည်းတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်လို့ လည်း ဦးဝီရသူက သူ့တရားတွေထဲမှာ ဟောပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လထုတ် ကမ္ဘာကျော် TIME မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဦးဝီရသူရဲ့ ဓာတ်ပုံနဲ့အတူ "The Face of Buddhist Terror" ဗုဒ္ဓဘာသာ အကြမ်းဖက်မှု တွေရဲ့ မျက်နှာစာက ပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့ပြီး ဦးဝီရသူ ဟောပြောတဲ့ တရား တွေကြောင့် ဘာသာ မတူသူတွေ ကြားမှာ အမုန်းတရားတွေ ပွားများ စေတယ်လို့ မဂ္ဂဇင်း ထဲက ဆောင်းပါးမှာ ထောက်ပြ ထားပါတယ်။