သီလဝါ အထူးစီးပွားဇုန် ဖွင့်လှစ်

  • 30 နိုဝင်ဘာ 2013
ဓာတ်ပုံ မူပိုင် Reuters
Image caption သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းတွေ ဇန္နဝါရီလမှာ စတင်ဖို့ ရှိ

ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းနားမှာ ရှိတဲ့ သီလဝါ အထူး စီးပွားရေးဇုန်ကို ဒီကနေ့ စနေနေ့က စလို့ အခမ်းအနားနဲ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ လာမယ့် ဇန္နဝါရီလက စပြီး သီလဝါ အထူး စီးပွားရေး ဇုန် နေရာ ဟက်တာ ၄၀၀လောက်မှာ တည်ဆောက်ရေး လုပ်ငန်းတွေ စလုပ်မှာ ဖြစ်ကြောင်းနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ အပြီး ၂၀၁၅ နှစ်လည်လောက်မှာတော့ စီးပွားရေး လုပ်ငန်းတွေ စနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ဘီဘီစီကို ပြောပြပါတယ်။

အထူး စီးပွားရေးဇုန် အတွက် တည်ဆောက်ရေး လုပ်ငန်းတွေကို ဂျပန် မြန်မာ နှစ်နိုင်ငံ အစိုးရ၊ ဂျပန်၊ မြန်မာ ပုဂ္ဂလိက ဖက်စပ် ကုမ္ပဏီတွေ ပါဝင်တဲ့ Japan Thilawa Development Company က လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သီလဝါ ဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေးကိုတော့ ဂျပန်အစိုးရထံက ချေးငွေနဲ့ သက်ဆိုင်ရာ ဝန်ကြီး ဌာနက တာဝန်ယူ ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

အခု ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်မယ့် ဟက်တာ ၄၀၀ ဒေသ အတွင်းမှာ ရှိတဲ့ ဒေသခံတွေနဲ့ စီမံကိန်း ဆောင်ရွက်သူတွေအကြား သဘောတူမှု ရခဲ့ပြီး ဖြစ်ပြီး အဲဒီလူတွေကို ပြန်လည် နေရာချထားတဲ့ နေရာတွေမှာ အိမ်ယာ ပြန်လည် ဆောက်လုပ်ပေးတာတွေကို အတူပူးတွဲ လုပ်ဆောင်နေတယ်လို့ ဦးဆက်အောင်က ပြောပါတယ်။

ဒါပေမယ့်လည်း ဒုတိယနဲ့ တတိယအဆင့် တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်မယ့် နေရာတွေက ဒေသခံတွေကတော့ အခု ဟက်တာ ၄၀၀မှာ ညှိထားတဲ့ လျော်ကြေး ပမာဏကို လက်ခံတဲ့ အခြေအနေ မရှိသေးတာကြောင့် ဆက်လက် ညှိနှိုင်းနေ ရဆဲပဲလို့ သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ဘီဘီစီကို ပြောပါတယ်။