ခြစားမှု အဆိုးဆုံး အဆင့်ကနေ မြန်မာ တိုးတက်လာ

  • 3 ဒီဇင်ဘာ 2013
U Thein Nyunt
Image caption နေရာတိုင်းမှာ လာဘ်စားမှုတွေ ကျန်နေတုန်း လို့ဆို

နှစ်စဉ် ထုတ်ပြန် နေကျ Transparency International ခေါ် ကမ္ဘာ့ နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုတွေ ကို လေ့လာ စောင့်ကြည့် နေတဲ့ အဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် အတွက် ညွှန်းကိန်း အင်္ဂါနေ့က ပေါ်ထွက် လာပါတယ်။

ကမ္ဘာပေါ်မှာ အဂတိ လိုက်စားမှု အနည်းဆုံး ကနေ အများဆုံး ကို အစဉ်လိုက် ဖော်ပြထားတဲ့ နိုင်ငံပေါင်း ၁၇၅ နိုင်ငံမှာ အခုနှစ်တော့ မြန်မာ နိုင်ငံက ဒီနှစ် ၁၅၇ နေရာကို တက်လာ ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ မြန်မာ နိုင်ငံဟာ အဂတိလိုက်စားမှု အဆိုးဆုံး နံပတ် ၃ နေရာမှာ ရှိခဲ့ တာပါ။

အခုနှစ်မှာတော့ အဂတိ လိုက်စားမှု တွေကို အရင်က လောက်တော့ ပေါ်ပေါ်တင်တင် ပေးရတာတွေ မရှိတော့ဘူးလို့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ပါတီရဲ့ သင်္ဃန်းကျွန်း မြို့နယ် လွှတ်တော် အမတ် ဦးသိန်းညွန့်က ပြောပါတယ်။

ဒါဟာ အရင် ကထက် ပိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပါတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေရှိလာပြီး အဂတိ လိုက်စားမှုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို စစ်ဆေး စုံစမ်းခွင့်လည်း ရှိလာတဲ့ အပြင် လက်တွေ့ အရေးယူမှု ကြောင့် အတိုင်း အတာ တခု အထိ လာဘ်ယူ မှုတွေ ကို ထိန်းချုပ် လာကြတာလို့ ဦးသိန်းညွန့်က ပြောပါတယ်။

ရာထူး တာဝန် ကြီးကြီး ယူထားသူတွေ ကနေ တာဝန် ငယ်ပိုင်းယူထားကြသူတွေ အထိ လာဘ်ပေး လာဘ်ယူမှုကို သူတို့ ကိုယ်ပိုင် စီးပွားရေး လို လုပ်နေကြတာ တွေတော့ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

တိုင်းပြည်မှာ ရာထူး အဆင့် မြင့်တဲ့ သူတွေ ကိုယ်တိုင် အဂတိ လိုက်စားမှုတွေ ရှိတယ် ဆိုတာ ဆက်သွယ်ရေး ဝန်ကြီး ဌာနက အရာရှိကြီးတွေ အရေးယူ ခံရတဲ့ ကိစ္စက ပြသနေပြီး အဲဒါတွေနဲ့ ပတ်သက်တဲ့ သတင်း ထုတ်ပြန်ရေးပိုင်း မှာတော့ ပွင့်ပွင့် လင်းလင်း ဖော်ပြမှု အားနည်း နေသေးတယ်လို့ ဦးသိန်းညွန့်က ထောက်ပြ ပါတယ်။

အထောက် အထားတွေနဲ့ တိုင်ကြားမှုတွေကို အရေးယူတဲ့ အခါ မှာလည်း အလုပ်က ဖယ်ရှားပြီး စီမံ ခန့်ခွဲရေးပိုင်း အရ အရေးယူ အပြစ်ပေးတာ ကောင်းပေမဲ့ တရားရုံးမှာ စစ်ဆေး ပြစ်ဒဏ် ချဖို့တော့ လိုတယ်လို့ သူက ပြော ပါတယ်။

တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက် စေတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်နိုင်ရေး အတွက် ဥပဒေကြောင်း အရ ရော၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်း အရ ထိန်းချုပ်မှုတို့ အပြင် ပြည်သူတွေ ကလည်း စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ လည်း ဦးသိန်းညွန့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ