ဘင်္ဂလားနိုင်ငံရေးကြောင့် ကုန်သွယ်ရေးထိခိုက်

  • 2 ဒီဇင်ဘာ 2013
Bangladesh
Image caption ဘင်္ဂလားဒေ့ရှ်မတည်ငြိမ်မှုက နယ်စပ် ကုန်သွယ်ရေးကိုပါ ထိခိုက်

ဘင်္ဂလာဒေ့ချ်နိုင်ငံမှာ အတိုက်အခံ ဘီအန်ပီ ပါတီကနေ အစိုးရကို ဖြုတ်ချဖို့ ခေါ်ယူတဲ့ သပိတ်တိုက်ပွဲကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်တန့်နေတာ ၁၀ ရက်ခန့် ရှိနေပြီး မြန်မာက ဝင်လာတဲ့ ကုန်တင် သင်္ဘောတွေနဲ့ မော်တော်ဘုတ်တွေပေါ်က ကုန်ပစ္စည်းတွေလည်း ကုန်းပေါ်ကို မတင်နိုင်ဘဲ ဖြစ်နေပါတယ်။

အခုအခါ အချိန်တွေ ကြန့်ကြာလာတဲ့ အတွက် ထိခိုက် နစ်နာမူတွေ ရှိလာတယ်လို့ မြန်မာဘက်က ငါးတွေတင်လာတဲ့ မော်တော်ဘုတ်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

သူတို့ ရောက်ရှိနေတဲ့ တက်ကနက် ဆိပ်ကမ်းဟာ မြန်မာနိုင်ငံ မောင်တောမြို့နဲ့ မျက်နာချင်းဆိုင်မှာ တည်ရှိပြီး မြန်မာနဲ့ ဘင်္ဂလာဒေ့ချ် ကုန်သွယ်ရေးမှာ အဓိက အရေးပါတဲ့ ဆိပ်ကမ်း ဖြစ်ပါတယ်။

တစ်နေ့ တစ်နေ့ကို မြန်မာဘက်က မော်တော်ဘုတ်တွေ ဆယ်နဲ့ချီပြီး ဝင်ထွက်သွားလာနေကာ မြန်မာက တင်ပို့တဲ့ ငါး၊ သစ်၊ ဝါး၊ ဆန်စတဲ့ ကုန်ပစ္စည်းတွေကို အဲဒီဆိပ်ကမ်းက တဆင့် ဘင်္ဂလာဒေ့ချ် နိုင်ငံဘက်ကို ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။

အခု သပိတ်ကြောင့် မြန်မာဘက်က မော်တော်ဘုတ်တွေဟာ ကိုယ့်တိုင်းပြည်ကိုလည်း မပြန်နိုင်သလို ပါလာတဲ့ ပစ္စည်းတွေကိုလည်း ကုန်းပေါ်ကို မတင်နိုင်ဘဲ ဖြစ်နေတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံနေကြရတာ ဖြစ်ပါတယ်။