HIV/AIDS ရောဂါသည်တွေကို ခွဲခြားဆက်ဆံမှု မလုပ်သင့်

  • 1 ဒီဇင်ဘာ 2013
Image caption ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကူးစက်သေဆုံး မရှိရေး၊ ART ဖြင့် ကုသပေး ဆောင်ပုဒ်နဲ့ လှုပ်ရှား ဆောင်ရွက်

ဒီဇင်ဘာလ ၁ရက်နေ့ဟာ ကမ္ဘာ့ HIV/AIDS ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း HIV/AIDS တိုက်ဖျက်ရေး ကုလသမဂ္ဂ ဂုဏ်ထူးဆောင် သံတမန် အဖြစ် ခန့်အပ် ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က HIV/AIDS ရောဂါသည် တွေအပေါ် ခွဲခြား ဆက်ဆံနေမှုတွေကို အဆုံးသတ် ကြဖို့ သြစတြေးလျနိုင်ငံ Melbourne မြို့က HIV/AIDS တိုက်ဖျက်ရေး ညီလာခံမှာ ပြောသွားခဲ့ပါတယ်။

ခွဲခြား ဆက်ဆံမှုကို ဆန့်ကျင် တိုက်ဖျက်တယ် ဆိုတာ ကြောက်ရွံ့မှု ကနေ ကင်းလွတ်ရေးအတွက် တိုက်ပွဲ ဝင်တာ ဖြစ်တဲ့ အတွက် သူ့အနေနဲ့ ကမ္ဘာတဝှမ်း HIV/AIDS တိုက်ဖျက်ရေး ကုလသမဂ္ဂ ဂုဏ်ထူးဆောင် သံတမန် တာဝန်ကို လက်ခံခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

HIV/AIDS ရောဂါသည်တွေကို ခွဲခြား နှိမ့်ချ ဆက်ဆံတယ် ဆိုတာဟာလည်း အကြောက်တရားကြောင့် ဖြစ်သလို ဆင်ခြင်တုံ တရား ကင်းမဲ့တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တခုက ဒီရောဂါ ရလာတာဟာ ကိုယ်ကျင့်တရား မကောင်းလို့၊ အနေအထိုင် မတတ်လို့ ဆိုတဲ့ လွဲမှားတဲ့ ယူဆမှုတွေကြောင့်လည်း HIV/AIDS ရောဂါသည်တွေ အပေါ် ခွဲခြား နှိမ့်ချ ဆက်ဆံမှုတွေ ရှိနေတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် ခွဲခြား ဆက်ဆံ မှုတွေ ရှိနေသလို အသားအရောင်၊ ဘာသာရေး ယုံကြည်ချက်၊ ကိုယ်လက် မသန်စွမ်းမှု၊ ရောဂါ စတာတွေကြောင့် ခွဲခြား နှိမ့်ချ ဆက်ဆံမှုတွေ ရှိနေတာဟာလည်း ယဉ်ကျေးတဲ့ လူမှု အသိုင်းအဝိုင်းမှာ လက်ခံနိုင်ဘွယ် မရှိဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က သူ့မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာလည်း ခွဲခြား နှိမ့်ချ ဆက်ဆံမှုတွေ ရှိနေတဲ့အတွက် ဆေးရုံ ဆေးခန်းတွေဆီ HIV/AIDS ရောဂါသည်တွေ မလာရဲပဲ ရောဂါ ကာကွယ် ကုသရေးမှာ အဟန့်အတား အခက်အခဲတွေ ဖြစ်စေတယ်လို့ HIV/AIDS ရောဂါသည်တွေကို ကူညီ စောင့်ရှောက်မှု ပေးနေတဲ့ Alliance Burma NGO အဖွဲ့ရဲ့ အစီအစဉ်ဆိုင်ရာ အရာရှိ ဒေါက်တာ စပယ် က ပြောပါတယ်။

အလုပ်ခွင်အတွင်း၊ ရပ်ရွာ လူမှုပါတ်ဝန်းကျင်အတွင်း၊ မိသားစုအတွင်း ခွဲခြား နှိမ့်ချ ဆက်ဆံ ခံရတဲ့ အတွက် HIV/AIDS ရောဂါသည်တွေအနေနဲ့ စိတ်ဓါတ်ကျဆင်းမှု တွေ ဖြစ်လာပြီး ဆေးကုသခံလိုစိတ် မရှိတာမျိုးတွေ တွေ့ရတယ်လို့ ထားဝယ်မြို့ အနာဂါတ် အလင်းရောင် အဖွဲ့ရဲ့ ဥက္ကဌ ဦးဇော်ထွန်းက ဘီဘီစီကို ပြောပြပါတယ်။