မသန်စွမ်းသူတွေ အပေါ် ခွဲခြားနှိမ့်ချမှုတွေ ရှိနေဆဲ

  • 3 ဒီဇင်ဘာ 2013
Image caption မသန်စွမ်းသူတွေ အတွက် ပြည်ပက ကူညီ

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာခဲ့ပြီး နောက်ပိုင်းမှာ လူမှု ကူညီရေး အထောက်အပံတွေ တိုးတက် ရရှိလာတယ်လို့ လူမှု ကူညီ လှုပ်ရှားသူတွေက ပြောပါတယ်။

အရင်က အစိုးရ ဘတ်ဂျက်ရဲ့ တစ် ရာခိုင်နှုန်းအောက်မှာသာ ရခဲ့ရာက အခုတော့ လေး ရာခိုင်နှုန်း ရလာပြီး ဒါဟာ လွှတ်တော်နဲ့ မသန်စွမ်း အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်ချက်ရဲ့ အောင်မြင်မှုလို့ မြန်မာ နိုင်ငံ မသန်စွမ်း ရှေ့ဆောင် အဖွဲ့ စီမံကိန်း ညွှန်ကြားရေးမှူး ကိုနေလင်းစိုး ရှင်းပြခဲ့ပါတယ်။

နိုင်ငံခြားက အကူအညီတွေလည်း တိုးလာပေမယ့် ရတဲ့ ထောက်ပံ့မှုတွေနဲ့ ရန်ကုန် ကွက်ကွက်လောက်သာ လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မသန်စွမ်းသူတွေကို ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတယ်လို့လည်း သူက ပြောပါတယ်။

ကျောင်းသွားအပ်တဲ့ အခါ လက်မခံဘဲ ငြင်းပယ်ခံရတာမျိုးတွေ ၊ အလုပ်အကိုင် တန်းတူမရဘဲ ဥပဒေ အရကိုက မူဝါဒဆိုင်ရ အရကိုက ခွဲခြားခံထားရတာကြောင့် လက်တွေ့ နှိမ်ချ ဆက်ဆံ ခံနေရပြီး အများနဲ့ ဝင်ဆန့်ဖို့ ကြိုးစားရာမှာလည်း ပတ်၀န်းကျင်က အသိနည်းတဲ့ အတွက် လျစ်လျူရှုတာတွေကို နေရာတိုင်းမှာ ရှိနေဆဲလို့ သူက ဆိုပါတယ်။

အစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေ အရ မြန်မာ တနိုင်ငံလုံးမှာ မသန်စွမ်းသူ ၁၃သိန်းကျော် ရှိပြီး ခွဲခြား ဆက်ဆံမှု မညီမျှမှုတွေ ပပျောက်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အရင်ကဆို ရုပ်ရှင်နဲ့ ဗွီဒီယိုတွေမှာ မသန်စွမ်းသူတွေကို သနားစရာ ၊ ဟားစရာ အဖြစ် သတ်မှတ်ခဲ့ပေမယ့် အခုတော့ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်း အားသာချက်တွေကို ထုတ်ဖော် ပြောပြလာတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အစိုးရ အနေနဲ့ မသန်စွမ်း ဥပဒေတွေမှာ သူတို့ကို ဂုဏ်သိက္ခာ ကာကွယ်ပေးတဲ့ အခန်းတွေ ပါလာရင် ဒါတွေက တနေ့ ပျောက်ကွယ်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

မသန်စွမ်းသူတွေကြားမှာ မွေးရာပါ ဉာဏ်ရည် မမှီတဲ့ ကလေးတွေ အတွက် အထူး သင်ကြားရေး ကျောင်းတချို့ ရန်ကုန်မြို့မှာ ပေါ်ပေါက်လာခဲ့ပြီး အေဒင် မသန်စွမ်း သက်ငယ် ပြုစုရေး ရိပ်မြုံက ညွှန်ကြားရေးမှူး ဒေါ်လီလီယံကြီး ကတော့ အရင်ကဆို မိဘတွေက နားမလည်တော့ ကျောင်းကို ဆက်သွယ်မလာကြဘူး ၊ အခုတော့ သိလာကြပြီး ကလေးတွေကို ကျောင်းကို များများ ပို့လာတာကြောင့် လမ်းမလျှောက်တက်တဲ့ ကလေးက လျှောက်လာတယ် ၊ စကားမပြောတက်တဲ့ ကလေးက ပြောလာတာ တွေ့ရတယ် သူတို့ အနေနနဲ့ ပြဿနာ အလိုက် ကိုင်တွယ် ရပါတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် အခုလို ကျောင်းတွေကို ရန်ကုန်မြို့မှာသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ငွေကြေးနဲ့ ဆရာ အခက်အခဲကြောင့် နယ်မြို့တွေမှာ ထူထောင်ချင်ပေမယ့် အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဒေါ် လီလီယံကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ