ချင်းတွင်း မြစ်ရေ ကျဆင်းလာနေ

  • 5 ဒီဇင်ဘာ 2013
Image caption ချင်းတွင်းမြစ်ရေ ကျဆင်းလာနေမှုကြောင့် ကုန်စည် စီးဆင်းမှုတွေ နှောင့်နှေးခဲ့ရ

နွေရာသီကာလ မရောက်သေးပေမယ့် ခုကတည်းက စလို့ ချင်းတွင်း မြစ်ကြောင်း ရေတိမ်လာနေလို့ ရေကြောင်း ခရီး သွားလာရေးမှာ အခက်အခဲတွေ တွေ့နေ ကြပါတယ်။

ခါတိုင်းဆိုရင် ချင်းတွင်းမြစ်ရေဟာ ဖေဖော်ဝါရီလလောက်မှ ရေနည်းတတ်ပေမယ့် ဒီနှစ်မှာတော့ ဒီဇင်ဘာလဆန်း ကတည်းက ရေကြောင်း အသုံးပြုသူတွေ အခက်အခဲနဲ့ စတင် ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုချင်းတွင်းမြစ်ရေ ကျဆင်းလာနေမှုကြောင့် ကုန်စည် စီးဆင်းမှုဟာ ခါတိုင်းထက် ၃ရက် နှောင့်နှေး ကြန့်ကြာနေတယ်လို့ မုံရွာ မြို့ခံတဦးက ပြောပြပါတယ်။ နောက်ထပ် ရေထပ်ကျဦးမယ့် အခြေအနေ ရှိနေပြီး ချင်းတွင်း မြစ်ကြောင်းမှာ သွားလာနေတဲ့ ရေယာဉ်တွေ လွယ်လင့်တကူ သွားလာနိုင်ဖို့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ဆုံတဲ့ နေရာကနေ ဟုမ္မလင်းအထိ ရေလမ်းညွှန် အမှတ်အသားတွေကို ပြထားတယ်လို့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံဖြိုးတိုးတက်မှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို မြစ်ချောင်းတွေ အချိန်မတန်ပဲ ရေနည်းလာတာဟာ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတာက အခြေခံတယ်လို့ သဘာဝ ပတ်ဝန်းကျင် လေ့လာသူတွေက ပြောကြပါတယ်။

အခု ချင်းတွင်းမြစ် ရေကြောင်း သွားလာမှု အခြေအနေဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ် ဆုံတဲ့နေရာကနေ မုံရွာမြို့ အထိ ကုန်တင် သင်္ဘောတွေ ဆန်လို့ ရသေးပေမယ့် ဒီထက် ရေဆက်နေကျအုံးမယ် ဆိုရင်တော့ ရေစကြိုမြို့ လောက်အထိပဲ သွားလို့ ရတော့မယ်လို့ ရေကြောင်း သွားလာနေတဲ့သူတွေက ပြောကြပါတယ်။