မန်ဒဲလား ကွယ်လွန်ခြင်းကို ဒေါ်စုဝမ်းနည်းကြောင်းပြော

  • 6 ဒီဇင်ဘာ 2013
nelson_mandela
Image caption အားလုံးကို နုတ်ဆက်သွားတဲ့ မန်ဒဲလား

တောင်အာဖရိက နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ ဖြစ်သူ မစ္စတာ နယ်လ်ဆင်မန်ဒဲလားဟာ တောင်အာဖရိက နိုင်ငံမှာ ကြာသပတေးနေ့ ညပိုင်းက အသက်(၉၅)နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒီမိုကရေစီအရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အာရှတိုက်ရဲ့ နယ်လ်ဆင်မန်ဒဲလား အဖြစ် ခေါ်ဆိုခံရသူ တစ်ဦးဖြစ် ခဲ့ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာလည်း နိုဗဲလ် ငြိမ်းချမ်းရေးဆု ရထားကြသူတွေ ဖြစ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မစ္စတာ မန်ဒဲလားကို လေးစား အားကျ ရသူတစ်ဦးအနေနဲ့ ထုတ်ဖော်ပြောကြားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

ရန်ကုန်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ အမျိုးသမီး ဆွေးနွေးပွဲကို တက်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ မန်ဒဲလား နဲ့ ပတ်သက်ပြီး ပြောကြား ခဲ့ရာမှာ နယ်လ်ဆင် မန်ဒဲလားရဲ့ လူ့သားချင်း စာနာမှု ဥပမာ တစ်ခုကို ပြပါဆိုရင် ရိုးရိုးရှင်းရှင်း ဖြစ်ကြောင်း၊ သူဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေ အားလုံးဟာ အသားအရောင်၊ နေရာ ကွဲပြားမှု မရှိပဲ တန်းတူညီမျှမှု ရှကြတယ်လို့ အမြဲ ယုံကြည်ပြီး လုပ်ဆောင်ခဲ့တဲ့ အကြောင်း၊ ဒါဟာ သူ့ရဲ့ ကြီးမားတဲ့ ကိုယ့်ကိုယုံကြည်မှု တစ်ခု ဖြစ်ကာ ဒီ ယုံကြည်မှု ကြောင့်ပဲ သူ့ လုပ်ရပ်တွေ အောင်မြင်ခဲ့ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အစိုးရဘက်ကတော့ သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ညနေမှ ဖိလစ်ပိုင်နိုင်ငံကနေ ပြန်ရောက်လာတာကြောင့် အစိုးရရဲ့သဘောထားထုတ်ပြန်ချက် ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကိုကျော်ကိုကိုကတော့ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားဟာ နိုင်ငံ့ခေါင်းဆောင်တွေ အဆင့်မှာသာမက သာမန် အရပ်သားတွေရဲ့ လေးစားမှုကိုပါ ခံရသူ ဖြစ်တယ်လို့ ပြောပါတယ်။

ရွှေနိုင်ငံသစ် သတင်းစာ အယ်ဒီတာချုပ် ဦးဖိုးသောကြာ ကတော့ နယ်လ်ဆင် မန်ဒဲလား ကွယ်လွန်သွားတာဟာသူ့နိုင်ငံ အတွက်သာမက တကမ္ဘာလုံး အတွက် ဆုံးရှုံးမှုပဲလို့ ပြောပါတယ်။

တောင်အာဖရိက နိုင်ငံမှာ ရှိတဲ့ Free Burma Campaign တောင်အာဖရိက အဖွဲ့က ဒေါက်တာ သိန်းဝင်း ကတော့ သွားရောက် ဂုဏ်ပြုမယ်လို့ ပြောပါတယ်။

သမ္မတဟောင်းမန်ဒဲလားရဲ့ဈာပနအခမ်းအနားကိုတော့မြန်မာအစိုးရဘက်က တောင်အာဖရိကက သံအမတ်ကြီးလောက်ပဲ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ