ရခိုင်မှာ စပါး ရိတ်သိမ်းမယ့်သူ မရှိ ဖြစ်နေ

  • 6 ဒီဇင်ဘာ 2013
Image caption ရခိုင်ဒေသဟာ မြန်မာနိုင်ငံမှာ ဆန်စပါး အထွက်ကောင်းတဲ့ ဒေသတွေထဲမှာ တခု အပါအဝင်ဖြစ်

မြန်မာနိုင်ငံ ထဲက ဆန်စပါး အထွက်ကောင်းတဲ့ ဒေသတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ ရခိုင်ပြည်နယ် လယ်ယာလုပ်ငန်းမှာ လယ်လုပ်သား ရှားပါးမူနဲ့ ရင်ဆိုင်နေရတဲ့ အတွက် အခုအခါ မှည့်နေတဲ့ စပါးစိုက်ခင်း တွေကို အချိန်မှီ မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေတာ ကြောင့် အပျက်အစီး တွေများပြီး လယ်သမား တွေ အကြီးအကျယ် အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြရတယ်လို့ သိရပါတယ်။

စီးပွားရေး အကျပ်အတည်းတွေကြောင့် လူငယ်တွေရော လူကြီးတွေ မကျန် ထိုင်း၊ မလေးရှား၊ တရုတ်၊ ကချင်က ဖါးကန့်စတဲ့ ဒေသတွေကို စွန့်ခွာ ထွက်သွားကြတဲ့ အတွက် ရခိုင်က လယ်လုပ်ငန်းတွေမှာ လယ်ယာ လုပ်သား ရှားပါးမူနဲ့ ရင်ဆိုင်နေ ရတာပါ။

အခုလို လယ်လုပ်သားတွေ ရှားပါးမူနဲ့ အခက်ကြုံနေရတာတော့ ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ ဖြစ်ပါတယ်။

အခုလို အခက်အခဲတွေ တွေ့နေကြရပေမယ့် တစ်ဘက်မှာလည်း တချိန်က ရခိုင်လယ်ယာ လုပ်ငန်းတွေမှာ လယ်လုပ်သားတွေ အဖြစ် အသုံးပြုခဲ့ကြတဲ့ ဒေသ အနှံ့အပြားက မွတ်ဆလင် ကျေးရွာသားတွေကို ပဋိပက္ခတွေ ဖြစ်ပွားပြီး ကတည်းက ငှားရမ်း အသုံး ပြုနိုင်ခြင်း မရှိတော့ဘူးလို့ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာက လယ်သမားကြီး တစ်ဦးက ပြောပါတယ်။

ခုလို အခြေအနေတွေကြောင့် ရခိုင် လယ်ယာ လုပ်ငန်းကို ပိုထိခိုက်လာတယ် လို့လည်း ဆိုပါတယ်။

ရခိုင် လယ်သမားတွေ အနေနဲ့ လယ်လုပ်သား ရှားပါးပြီး အခက်အခဲ ဖြစ်နေချိန်မှာ တစ်ဘက်မှာလည်း စပါးဈေးက တောင်း တစ်ရာကို ကျပ် တစ်သိန်းနီးပါး ခန့်သာ ရှိတဲ့ အတွက် အမြတ်မရဘဲ အရှုံးပေါ်နေ တာကြောင့် ဒီလို ကြုံနေရတဲ့ လယ်သမားတွေရဲ့ အခက်အခဲကို အချိန်မှီ မပြုပြင်နိုင်ရင်တော့ အနာဂါတ် ရခိုင်ပြည်နယ် ရဲ့ လယ်ယာ လုပ်ငန်း အကြီးအကျယ် ထိခိုက်မူတွေ ရှိလာနိုင်တယ်လို့ သုံးသပ် ပြောဆိုမူတွေ ရှိနေပါတယ်။