မိကျောင်းကန်ကိစ္စ အစိုးရနဲ့ လယ်မြေသိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင် ဆွေးနွေး

  • 7 ဒီဇင်ဘာ 2013
Image caption ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် လာတဲ့အထိ သပိတ်စခန်း မှာ စောင့်မယ်လို့ ဆန္ဒပြသူတွေ ပြော

အစိုးရ သိမ်းထားတဲ့ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မြေနေရာ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေမှုတွေနဲ့ ပတ်သက်လို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း လုံခြုံရေး ဝန်ကြီး ဦးတင်ဝင်း အပါအဝင် ဥပဒေရေးရာ၊ တပ်မြို့စည်ပင်က တာဝန်ရှိပုဂ္ဂိုလ်တွေ စနေနေ့ နေ့လည်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကိစ္စကို လွှတ်တော်မှာ တင်ပြခဲ့တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ က မိကျောင်းကန် မြေနေရာအသိမ်းခံရသူ ၃မျိုး ၃စား ရှိကြောင်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ရှင်းပြခဲ့ပါတယ်။

လျော်ကြေးရလို့ တဲအိမ်ကနေ တိုက်ဆောက်နိုင်သူတွေ ရှိသလို လျော်ကြေး အနည်းအပါးပဲ ရတဲ့ သူတွေလည်း ရှိကြောင်း၊ တချို့ကတော့ လျော်ကြေး လုံဝ မရခဲ့ကြောင်း ပြောပါတယ်။

ဒါ့ကြောင့် သူတို့ရဲ့ နစ်နာမှုတွေကို စုံစမ်း စစ်ဆေးဖို့အတွက် အဖွဲ့တဖွဲ့ ဖွဲ့ဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို အကြံပြုခဲ့တယ်လို့ ဦးခိုင်မောင်ရီက ဘီဘီစီကို ပြောပြပါတယ်။

ဆန္ဒပြသူတွေ တင်ပြထားတဲ့ အထောက်အထားတွေကို ရန်ကုန်တိုင်း အစိုးရထံ တင်ပြမယ်လို့ လည်း သူက ပြောပါတယ်။

ဆန္ဒပြသူတွေကို လာမယ့် တရက် နှစ်ရက်အတွင်း သွားရောက် တွေ့ဆုံမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကတိပြု ပြောသွားပါတယ်။

ဒီအကြောင်းကို ကြားတဲ့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ရောက်လာတဲ့ အထိ သပိတ်စခန်း မှာ စောင့်နေမယ်လို့ ဆိုပါတယ်။

မိကျောင်းကန် မြေနေရာ ပြဿနာတွေ ဖြေရှင်းပေးဖို့ အခုလို သပိတ်စခန်း ဖွင့် ဆန္ဒပြနေကြတာ သီတင်း နှစ်ပတ် နီးပါး ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီနေရာကို လုံခြုံရေးတွေ တိုးချဲ့ ချထားခဲ့တဲ့အတွက် အခြေအနေတွေ တင်းမာနေရပါတယ်။