IMF အကြီးအကဲ ရန်ကုန်မှာ သတင်းစာရှင်း

  • 8 ဒီဇင်ဘာ 2013
myanmar economy
Image caption ဆင်းရဲသား အကျိုးရှိတဲ့ စီးပွားရေး မူဝါဒဖြစ်ဖို့လို

နိုင်ငံခြား ငွေလဲနှုန်း ငြိမ်ဖို့၊ အသေးစား စီးပွားရေး လုပ်ငန်းတွေ တိုးပွားဖို့နဲ့ ဆင်းရဲ မွဲတေမှု လျှော့ချရေး အတွက် ကူညီ သွားမယ် လို့ ရန်ကုန် ရောက် IMF အကြီးအကဲ Christine Lagarde က မီဒီယာ သမား တွေကို ပြောကြား လိုက်ပါတယ်။ မြန်မာ နိုင်ငံကို ရောက်နေတဲ့ IMF ဦးဆောင် ညွှန်ကြားရေးမှူး ခရစ္စတင်း လာဂတ်ချ် က မြန်မာ နိုင်ငံမှာ ဆင်းရဲ နွမ်းပါးမှု လျော့ကျပြီး တည်ငြိမ် တဲ့ စီးပွားရေး အခြေခံတွေ ရရှိအောင် IMF က နည်းပညာပိုင်း အကြံပေး နေကြောင်း ချက်ထရီယန် ဟိုတယ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

စီးပွားရေးနဲ့ ငွေကြေး တည်ငြိမ်မှု မရှိတဲ့အခါ ဆင်းရဲတဲ့ အောက်ခြေ လူတန်းစား တွေ ပထမဆုံး ခံရတာမို့ တည်ငြိမ်မှု ရဖို့ ကြိုးစားမယ် ဆိုရင် လူတန်းစား အားလုံး အတွက် ၊ အထူးသဖြင့် ဆင်းရဲတဲ့ လူထု အတွက် အကျိုးရှိတဲ့ မူဝါဒတွေ ဖြစ်စေ ရမယ် လို့ ဖြေကြား သွားပါတယ်။

ဒီပွဲကို တက်ရောက် လာတဲ့ ခင်မောင်ညို (ဘောဂဗေဒ) ကတော့ ဒီလို အဖွဲ့အစည်း မျိုးက မြန်မာ့ အပြောင်းအလဲကို အသိမှတ်ပြု အကူညီပေး လာတာ ဟာ စီးပွားရေး တည်ငြိမ်မှု ဖြစ်လာ နိုင်လို့ အရေးကြီး ကြောင်း ပြောပါတယ်။

မြန်မာပြည် ခရီးစဉ် အတွင်း ဒုသမ္မတ ဦးဉာဏ်ထွန်း၊ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် တို့နဲ့ တွေ့ဆုံခဲ့ပြီး လွတ်လပ်တဲ့ ဗဟိုဘဏ် လုပ်ငန်းတွေ အတွက် လိုအပ်တဲ့ နည်းပညာ နဲ့ သင်တန်း အထောက်အပံ့ ပေးမယ့် ကိစ္စ တွေနဲ့ ငွေကြေး လုပ်ငန်းတွေ အတွက် ကူညီ ကြီးကြပ် ပေးတာမျိုးတွေ လုပ်ဆောင် ဖို့ ဆွေးနွေး ခဲ့တယ်လို့ IMF ဘက်က ရှင်းပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ